အပိုင်း ၂၄

6.3K 680 58
                                    

ဗီရိုပေါ်မှ ရွက်လှပန်းအိုးကို မော့ကြည့်သည်။ အ၀ါရောင်စွန်းနေသော အသည်းပုံ ရွက်စိမ်းများသည် သန်စွမ်းစွာ ရှင်သန်နေသည်။ ပန်းအိုးတစ်ခုတည်း တင်ထားခြင်းမျိုးမဟုတ်။ သုံးအိုးကို နေရာခွဲကာ တင်ထားသည်။ ရှည်မြောမြော အောက်ကျနေသော ရွက်လှရွက်များကြားရှိ သစ်ခွအိုးများမှ သစ်ခွပန်းဖြူများ ‌ေ၀ဆာစွာ ဖူးပွင့်နေသည်။

ခေါက်လှေကားကို ဖွင့်သည်။ ရေဖြန်းဗူးကိုယူကာ အပေါ်တက်သည်။ ရေမှုန်ရေဖွားများသည် ရွက်စိမ်းများပေါ်ကျသည်။ အနီးကပ်ကြည့်မှ ပိုလှနေသည်။ သူရိန် မျိုးခွဲထားခဲ့သည့် အပင်ငယ်တွေသည် ယခုတော့ ‌‌ေ၀‌ေ၀ဆာဆာ။ အလင်းရောင်ကောင်းစွာရပြီး စောင့်ရှောက်မှုကောင်းသောကြောင့် အပင်တိုင်းရှင်သန်သည်။ ရွက်နုတွေ‌ေ၀သည်။ အပင်သစ်များပွားသည်။

နှလုံးသားမှ အချစ်သစ်ပင်လေးကတော့..

အိမ်ကြီးသည် ကျယ်လွန်းသည်။ အသံတွေ တိတ်ဆိတ်လွန်းသည်။ တစ်ခုပြီးတစ်ခု မနားတမ်း လုပ်ဆောင်နေသော်လည်း ရင်ခွင်သည် ဗလာသက်သက်။ ထွတ်ငယ်ကိစ္စတွေ။ စာရေး နေရေးတွေ။ သင်တန်းတွေ။ ကျောင်းကြို ကျောင်းပို့တွေ။ အရာအားလုံးသည် ယခင်ကအတိုင်း မပြောင်းလဲသော်လည်း လစ်ဟာမှုသည် ကြီးမားလွန်းသည်။

ခြေသံတွေကို မကြားရ။ ကြင်နာတတ်သော အပြုံးများကို မတွေ့ရ။ ဂစ်တာသံတွေ တိတ်ဆိတ်နေသည်။

ဖုန်းသံမြည်လာသည်။

လှေကားပေါ်မှ ခုန်မဆင်းရုံတမည်။ စားပွဲပေါ်မှ လှုပ်ခါနေသော ဖုန်းကိုမြင်ချိန် ကိုယ်ဟန်သတ်သည်။

သူ မျှော်လင့်ထားသူထံမှ မဟုတ်နိုင်။

မဖြစ်နိုင်။ မဟုတ်နိုင်။ မမျှော်လင့်နဲ့။ အထပ်ထပ် အခါခါ သတိပေးနေရသည်။ သို့သော် မေ့လွယ်သော နှလုံးသားက တိတ်တခိုး မျှော်လင့်မြဲ။ 

ခြေလှမ်းများသည် မျှော်လင့်ချက်မပါသောအခါ နှေးကွေးတတ်သည်။

'ဟေ့ကောင်ကြီး။ လာခဲ့မယ် မဟုတ်လား။ ငါ ထွက်လာပြီ။'

'ဟုတ်ကဲ့ အစ်ကို။ ကျွန်တော် လာခဲ့မယ်။'

ပင်လယ်နဲ့လှေငယ်Where stories live. Discover now