Chapter 30 _ အခြေခံကျင့်ဝတ်

1.2K 279 8
                                    

 

(Unicode)

ရှင်ယဲ့နှင့် ချောင်ချန့်တို့၏ ဂိမ်းတိုးတက်မှု အခြေအနေမှာ: ကျောင်းဝန်း အံဖွယ်ဒဏ္ဍာရီ လေးခု၏ သဲလွန်စများ၊ ဆရာတင်းက ရှင်ယဲ့ကို ပေးခဲ့သည့် QR code နှင့် ဦးခေါင်းက အပ်နှံခဲ့သည့် mission တို့ပင်ဖြစ်သည်။

စင်္ကြံလမ်းမှ ငိုကြွေးနေသည့် မွန်နာလီဇာကတော့ တတိယနှစ် အခန်းသုံးရှိ ဂိမ်း၏ အချိန်သတ်မှတ်ချက်ကို ညွှန်ပြခဲ့ခြင်းဖြစ်လေသည်။ သို့သော် ထိုမျှပင် မဟုတ်လောက်ချေ။ ရှင်ယဲ့ အခုထိ ပန်းချီကားအား ရှာမတွေ့သေးတာကြောင့် အလျင်အမြန် ကောက်ချက်ချ၍ မရနိုင်ပေ။

လဆန်းည၌ ဦးခေါင်းတစ်လုံးကိုကိုင်ကာ ပြေးလွှားနေသည့် ကောင်လေးအကြောင်းကိုတော့ အခုထိ မဖော်ထုတ်နိုင်သေးချေ။ ထိုဒဏ္ဍာရီထဲမှာ ရှေ့နောက်မညီမှု တစ်ခုခုရှိနေသည်။

ခုနစ်ရက်အတွင်းမှာ လဆန်းညတစ်ညသာ ရှိလိမ့်မည်။ ထိုအခွင့်အရေးကိုသာ လက်လွှတ်ဆုံးရှုံးသွားခဲ့လျှင်၊ missionကို ဘယ်တော့မှ အောင်နိုင်တော့မှာ မဟုတ်ချေ။ ထိုအချိန်မျိုး၌ ကစားသူတွေ အချင်းချင်းပြန်သတ်ရုံသာရှိပြီး၊ နောက်ဆုံးကျန်သည့် တစ်ယောက်က ကိုယ့်ကိုယ့်ကိုယ် သတ်သေကာ အစဦးကမ္ဘာသို့ ပြန်သွားရုံသာ ရှိတော့မည်။ ထို့ကြောင့် အမှတ်များများရထားလေလေ လက်လွတ်စပယ်မလုပ်ရဲကြလေလေ....

"ဟမ်?" ရှင်ယဲ့ မသိလိုက်ဘာသာပဲ မေးခွန်းထုတ်မိသွားသည်။

"ဘာဖြစ်တာလဲ?" ချောင်ချန့်၏ မျက်လုံးများမှာ ကွမ်းလင်ထံမှ တစ်ချက်မလွှဲဘဲ စောင့်ကြည့်နေကာ၊ ရှင်ယဲ့၏ အသံကိုကြားသည့် အချိန်မှာတောင်မှ ခေါင်းကို လှည့်မကြည့်ဘဲ သာမန်ကာလျှံကာသာ မေးလိုက်လေသည်။

"ငါ စဉ်းစားတဲ့ နေရာမှာ နားလည်မှုလွဲသွားတာ တစ်ခုရှိတယ်" ရှင်ယဲ့ ဆိုလိုက်သည်။ "ငါတို့က သီခွမ့်တို့အဖွဲ့ကိုပဲ တစ်ချိန်လုံး ပြိုင်ဘက်တွေအဖြစ် သတ်မှတ်နေကြတာ"

"အဲ့တာအမှန်ပဲ မဟုတ်ဘူးလား?" ချောင်ချန့် ဆိုလိုက်၏။ "ငါ့တို့ဘက်က မဟုတ်ရင်၊ ယုံကြည်လို့ရနိုင်စရာ အကြောင်းမရှိဘူး။ ငါတို့က တစ်ဖွဲ့တည်းမှ မဟုတ်တာ။ အချင်းချင်း ပြိုင်ဆိုင်နေကြတဲ့ ဆက်ဆံရေးပဲလေ။ သူတို့အခု လက်လွယ်စပယ် မလုပ်ရဲကြတာက ငါတို့ရဲ့ အင််အားအမှန်ကို မသိသေးလို့လေ။ ငါတို့က အင်အားမရှိတဲ့လူတွေဆိုတာသာ သိသွားခဲ့ရင်။ ငါတို့ ခေါင်းတွေကို လာဖြတ်မှာ အသေအချာပဲ။ ရှင်းပစ်တာ ကောင်းတယ်လို့ပဲ သဘောထားကြမှာ"

High Energy QR Code [ Myanmar translation ]Where stories live. Discover now