Chapter 74 _ စိတ်မချမ်းမြေ့သော မှန်

617 132 7
                                    


(Unicode)

"ဘာကြောင့်လဲ!"

ရှင်ယဲ့၏ ညွှန်ကြားချက်ကို ကြားလိုက်ရပြီးနောက်၊ ကွမ်းလင်မှာ ငိုယို၍  ဒုန်းဒိုင်းစိုင်းပြေးသွားကာ၊ သူ၏ ယို့ယွင်းစုတ်ချာနေသော ခန္ဓာကိုယ်ဖြင့် ရန်ဒီ၏ သစ်သားကိုယ်ထည်အား တစ််စစီ စုတ်ဖြဲလိုက်လေတော့သည်။ ထို့နောက် ရင်ဘတ်ထဲမှ ဗဟိုချက်ကို ထုတ်ယူလိုက်ပြီး၊ ဘယ်ကရလာမှန်းမသိသည့် ဓားမြှောင်ဖြင့် ရန်ဒီ၏ ဗဟိုချက်ထဲသို့ အကြင်နာမဲ့စွာ ထိုးစိုက်လိုက်လေတော့၏။ 

သူတို့က အထူး item များကို သုံးပြီး တကယ့်ကမ္ဘာက ကစားသူကို သတ်နိုင်သော ရန်ဒီမဟုတ်ပေ။ ယခု သူ့အား အနိုင်ယူနိုင်ခဲ့သည် ဆိုလျှင်တောင် ရန်ဒီက ကမ္ဘာတစ်ခုအတွက် ပြီးပြည့်စုံသောဇာတ်သိမ်းကို လက်လွှတ်လိုက်ရရုံမျှသာ ရှိလိမ့်မည်။

သို့စေကာမူ ကွမ်းလင်က ရန်ဒီကို အလွန်နာကျင်ခံစားရအောင် လုပ်ဆောင်နိုင်ခဲ့လေသည်။ အလွန့်လွန် နာကျင်ခံစားရအောင်ပင်။

လက်များကို ဆက်သည်ကတောင် ဝိညာဉ်ကို သံအရည်ကျိုနေဘိသကဲ့သို့ မသက်မသာ ခံစားရလေရာ၊ ဗဟိုချက်ကြိုးမှာ ကွမ်းလင်ထံမှ ထိုမျှလောက် ကြမ်းတမ်းစွာ ထိုးစိုက်ခံလိုက်ရသည့်အတွက်၊ ရန်ဒီ၏ စိတ်ဝိညာဉ်ကို ဘယ်လောက်တောင် ကြီးကြီးမားမား ထိခိုက်နိုင်မည်လဲဆိုတာကို ရှင်ယဲ့ ခန့်မှန်း၍ မရနိုင်တော့ချေ။

သို့သော် သူ ရန်ဒီ့အား ကရုဏာမထားခဲ့ပေ။ ကွမ်းလင်အား ဒေါသဖြေဖျောက်ဖို့ ခွင့်ပြုပေးထားခဲ့လေသည်။

အချိန်တစ်ခုလောက် ရူးသွပ်စွာ ထိုးစိုက်နေပြီးနောက်၊ ကွမ်းလင်က ဓားမြှောင်ကို ချည့်နဲ့စွာ လွှတ်ချကာ၊ ငိုကြွေးလိုက်လေတော့၏: "သူ သေသွားပြီ။  ငါ ပွိုင့် ၁၀၀၀ ရသွားတယ်။ သူ သေသွားပြီ။ ဒါပေမဲ့ ငါ ဘယ်လို လုပ်ရမလဲ.. ဘယ်လိုလုပ်ရမှာလဲ...."

သူ၏ အသံမှာ ငိုကြွေးနေသော်လည်း၊ မျက်ရည်များမှာတော့ မကျဆင်းလာခဲ့ချေ။ ရုပ်သေးရုပ်၏ ခန္ဓာကိုယ်ထဲ၌ ရေတစ်ပေါက်တောင် မရှိလေသောကြောင့်ပင်။

ချောင်ချန့်က ငန်းသွင်သလင်းကျောက်နှင့် အိတ်ဆောင်နာရီရှိရာသို့ ထော့နဲ့ထော့နဲ့ဖြင့် လျှောက်သွားလိုက်လေသည်။ အိတ်ဆောင်နာရီမှာ ရန်ဒီ၏ သေဆုံးခြင်းနှင့်အတူ ပျောက်ကွယ်သွားခဲ့သော်လည်း၊ ငန်းသွင်သလင်းကျောက်မှာတော့ ကျန်ရှိနေသေးသည်။ ချောင်ချန့်၏ လက်ဝှေ့အိတ်မှာလည်း သတ်မှတ်ချိန် ကုန်ဆုံးသွားပြီဖြစ်ပြီး၊ ကိုယ်ပေါ်က သံပြား တစ်ဝက်ကျော်ကျော်လောက်မှာလည်း နှုတ်စကားထိခိုက်မှုကြောင့် ကွာကျသွားခဲ့လေသည်။ သူမက ညှိုးခြောက်နေသော မီးခြစ်ဆံလက်ချောင်းများကို သုံး၍ လင်ဒါကို အမှတ်သညာပြုသည့် ငန်းသွင်သလင်းကျောက်အား ကောက်ယူလိုက်လေ၏။

High Energy QR Code [ Myanmar translation ]Where stories live. Discover now