* အခန်း ၂ * U

9.3K 718 18
                                    

ရန်ကုန်မှာ ဒီနေ့မနက် ရာသီဥတုသာယာသည်။ ဓာတ်တိုင်တစ်ခုနှင့်တစ်ခုကို သွယ်တန်းထားသော မီးကြိုးတန်းပေါ်တွင် ခိုငှက်ကလေးများ တစ်ကောင်စနှစ်ကောင်စ တက်ထိုင်နေကြသည်။ မြေပြင်တွင် ခိုလေးတွေသည် အုပ်စုလိုက်ရှိနေကြကာ နှုတ်သီးတပေါက်ပေါက်ဖြင့် အစာလိုက်ကောက်နေကြသည်။ သုံးဘီးကားတစ်စီးသည် ခိုလေးတွေအနားမှာ လာထိုးရပ်တဲ့အခါ ခိုလေးတွေလည်း အတောင်ပံကို တဖျတ်ဖျတ်ခတ်လို့ အမြင့်တစ်နေရာကို ထပျံသွားကြသည်။

သုံးဘီးကား လာရပ်တဲ့နေရာက ရန်ကုန်ဘူတာကြီးအရှေ့မှာ။ ကားပေါ်မှ ဆင်းလာသူတွေက သက်ငြိမ်တို့သားအဖ။ မေမေကတော့ ရန်ကုန်မှာပဲ အိမ်စောင့်ကျန်ခဲ့သည်။ သက်ငြိမ်က နယ်မှာ ဆယ်တန်းပြန်ဖြေရမှာဆိုတော့ ဖေဖေက အဘွားတို့အိမ်ကို လိုက်ပို့ပေး သည်။ သက်ငြိမ်သည် စိတ်မပါ့တပါဖြင့်ပင် အဝတ်အိတ်တွေကို ကားပေါ်မှယူချကာ လက်တစ်ဖက်စီမှာ ကောက်ဆွဲလိုက်သည်။ ဖေဖေကတော့ သူ့အဝတ်အိတ်ကို သူ့ဘာသာဆွဲသည်။

ရန်ကုန်-မုတ္တမကို ပြေးဆွဲပေးမည့်ရထားက မနက် ၈ နာရီမှာ ရန်ကုန်မှ စထွက်မှာဆိုတော့ သက်ငြိမ်တို့သားအဖသည် ရထားအလာကို ဘူတာရုံထဲမှာ စောင့် ဆိုင်းနေစရာမလိုဘဲ အမှတ်(၁)စင်္ကြံမှာ အဆင်သင့်ထိုးထားပေးသော ရထားပေါ်ကို တက်လာလိုက်ကြသည်။ အထက်တန်းတွဲ၊ အတွဲ(၁)က ထိုင်ခုံနံပါတ် ၇ နှင့် ၈ မှာ ဝင်ထိုင်လိုက်ကြသည်။ သက်ငြိမ်ကတော့ လူငယ်ပီပီ ပြတင်းပေါက်ဘက်မှာ နေရာယူသည်။

သက်ငြိမ်သည် ပြတင်းပေါက်မှာ တပ်ဆင်ထားတဲ့ သံဘာဂျာတံခါးကို လေဝင်လေထွက်ကောင်းအောင် အဆုံးအထိ ဆွဲတင်လိုက်သည်။ လက်မှာပတ်ထားသော Casio နာရီကိုလည်း တကြည့်ကြည့်လုပ်သည်။ တခြားကြောင့် မဟုတ်ပါဘူး။ သူငယ်ချင်းတွေက ဘူတာရုံကို လိုက်လာကြမယ်ဆိုလို့။ ရထားထွက်ခါနီးမှ အူယားဖားယားပုံစံများဖြင့် စင်္ကြံလမ်းထဲပြေးဝင်လာသည့် သူငယ်ချင်းသုံးယောက်ကို ရထားတွဲပေါ်ကနေ သက်ငြိမ်လှမ်းမြင်ရသည်။

ရထားက အတွဲ ၁၃ တွဲ ပါတဲ့အပြင် အတွဲဆက်ထားတာက နံပါတ်စဥ် ရှေ့နောက်မညီတာမို့ ဘော်ဒါတွေ သည် Upper Class ဘယ်နားရှိမှန်း ရှာမတွေ့ဖြစ်ကြသည်။ သက်ငြိမ်က ပြတင်းပေါက်မှာ ခေါင်းပြူပြီး လက်ခုပ်တီးကာ လှမ်းအော်ခေါ်ရသည်။ အဲ့ဒီအခါကျမှ သူငယ်ချင်းတွေလည်း သက်ငြိမ်ရှိနေသည့် အထက်တန်းတွဲဘက်ကို ပြေးလာကြသည်။

ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]Where stories live. Discover now