* အခန်း ၁၉ * U

4.8K 400 6
                                    

နေဝေး အိမ်ပြန်အလာကို အမေနှင့်အတူ ညီလေးနှင့် ညီမလေးပါ အိပ်ရာမဝင်သေးဘဲ စောင့်နေကြသည်။ နေဝေးအသံကို ကြားတာနဲ့ အမေက အိမ်ရှေ့ခန်းကို ထွက်လာသည်။ ညီမလေး ချမ်းမြေ့က နေဝေးလက်ထဲက လင်ဗန်းကို လာယူကာ အိမ်နောက်ဖေး ရေကပျဥ်မှာ သွားဆေးပေးသည်။ ပိုက်ဆံအကုန်လုံးကို နေဝေးက လွယ်အိတ်ထဲက ယူထုတ်ကာ အမေ့ကို အပ်လိုက်သည်။

"သား ဗိုက်ဆာနေရောပေါ့၊ သားအတွက် အမေ ထမင်းပွဲ ပြင်ထားပေးတယ်"

"ဟုတ်၊ ဗိုက်ဆာနေပြီ အမေ၊ ဘာဟင်းချက်လဲဗျ"

"ဪ.. မသောင်းမေတို့အိမ်က ဆိတ်ပေါ်လို့ အိမ်ကို ဆိတ်ရိုးတစ်ခွက်စာ လာပေးသွားတာနဲ့ ဆိတ်ရိုးကို စူကာသီးနဲ့ ရောချက်ထားတာ"

"ဟုတ်လား အမေ၊ ဟင်းကတော့ ရှယ်ကောင်းပြီပေါ့၊ အဲ့ဒါဆို ကျွန်တော် ထမင်းစားလိုက်ဦးမယ်နော်"

"အေး သား၊ စားစား၊ ပြီးရင် မိုးသက်ငြိမ်ကို စာသွားပြပေးရဦးမှာ မဟုတ်လား၊ သားငယ်ရေ..ရေကြည်.. သားကိုကိုအတွက် သောက်ရေတစ်ခွက် ခပ်ပေး လိုက်ဦး"

နေဝေးသည် လက်ဆေးပြီး ထမင်းစားပွဲဝိုင်းမှာ ထိုင်လိုက်သည်။ ဆိတ်ရိုးနှင့် စူကာသီးဟင်းကို ထမင်းပန်းကန်ပေါ် ပုံချပြီး စားသည်။ တစ်ခါတလေမှ စားရ‌သော အသားဟင်းမို့ ထမင်းစားကောင်းသည်။ ရေကြည်က သောက်ရေတစ်ခွက် ယူလာပေးကာ ထမင်းစားပွဲမှာ လာချပေးသည်။ အမေနှင့် ကလေးနှစ်ယောက်က နေဝေးအနားမှာ ထိုင်မနေကြတော့ဘဲ အိမ်ရှေ့ခန်းကို ပြန်ထွက်သွားသည်။ နေဝေးသည် ထမင်းကို မြန်မြန်သွက်သွက်စားပြီးတာနဲ့ လွယ်အိတ်ထဲကို စာအုပ်တချို့ကောက်ထည့်ကာ ဓာတ်မီးကိုပါ လွယ်အိတ်ထဲ ထိုးထည့်ပြီး အိမ်ရှေ့ခန်းကို ပြန်ထွက်လာလိုက်သည်။

"အမေရေ ကျွန်တော့်ကို မစောင့်ဘဲ အိပ်ရာဝင်တော့နော်၊ အိမ်တံခါးကို စေ့သာ ထားလိုက်"

"အေး သား၊ ဓာတ်မီးရော ယူသွားရဲ့လား"

"ယူသွားတယ်၊ အဲ့ဒါဆို ကျွန်တော် သွားတော့မယ်"

"အေး အေး"

အမေနှင့် ကလေးနှစ်ယောက်က အိမ်ရှေ့ဖိနပ်ချွတ်အထိ နေဝေးကို လိုက်ပို့ကြသည်။ နေဝေးက အိမ်အောက်ကို ဆင်းတဲ့အခါမှာ ရေကြည်က နေဝေးကို လက်တစ်ဖက်လှမ်းဆွဲလာလို့ နေဝေးလည်း ခေါင်းကိုလည်ပြီး ရေကြည့်ကို ကြည့်လိုက်သည်။

ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]Where stories live. Discover now