* အခန်း ၁၈ * U

5K 434 6
                                    

စာရေးခုံပေါ် ရောက်လာတဲ့ မုန့်ထုပ်တွေကိုကြည့်နေမိကာ နှိုက်စားချင်တဲ့ အာသီသစိတ်တွေ နေဝေးမှာ ဖြစ်တက်လာသည်။ အုန်းသီးဖက်လေး ဖြူးထားတဲ့ ချိုချိုဆိပ်ဆိပ် အရသာရှိလှတဲ့ ဂျုံစေ့ယိုက နေဝေးအကြိုက်ပဲ။ ဝေဖာယိုသုပ် အနံ့လေးကလည်း မွှေးနေတာ။ နေဝေးသည် တခြားကျောင်းသားတွေလို မုန့်ဈေးတန်းထဲ လှည့်ပတ်ပြီး ကိုယ်ကြိုက်တဲ့မုန့်တွေကို ဝယ်စားချင်ပေမယ့်လည်း မုန့်ဈေးတန်းဆိုတာ လွမ်းနေဝေးအတွက် အလှမ်းဝေးတဲ့ နေရာပဲ။

ဂျုံစေ့ယိုကို ကြိုက်တာက တစ်ကြောင်း၊ မုန့်တွေကို ယူမစားရင် မိုးသက်ငြိမ်က လာခွံ့ကျွေးမယ်လို့ ပြောသွားတာက တစ်ကြောင်း၊ မုန့်တွေကို ရာမညမြင်ရင် စကားများရမှာကလည်း တစ်ကြောင်းဆိုတော့ နေဝေးသည် ရာမည စာသင်ခန်းထဲကို ပြန်ဝင်မလာခင်မှာ မိုးသက်ငြိမ် လာပေးသော မုန့်တွေကို မကုန်ကုန်အောင် မြန်မြန်သွက်သွက်လေး စားနေလိုက်သည်။

ကျောင်းခေါင်းလောင်းထိုးတဲ့အချိန်မှာ ဂျုံစေ့ယိုက စားကုန်သွားပေမယ့် ဝေဖာယိုသုပ်က ကျန်နေသေးသည်။ ရာမညကလည်း အတန်းထဲကို ပြန်ဝင်လာသည်။ နေဝေးသည် မုန့်ထုပ်ကို ရာမညမမြင်အောင် လွယ်အိတ်ထဲမှာ ထည့်ဝှက်ထားလိုက်သည်။ ရာမညက နေဝေးဘေးမှာ လာပြန်ထိုင်ကာ နေဝေးကိုလည်း စူးစမ်းသလို ကြည့်လာသည်။ နေဝေးသည် မသိချင်ယောင်ဆောင်ကာ မတ်တပ်ထရပ်ပြီးတော့ အတန်းသားတွေနဲ့အတူ နိုင်ငံတော်အလံကို အလေးပြုလိုက်သည်။

"ဝေး မင်း အဲ့ဒီမုန့်ကိုကြိုက်ရင် ငါ နောက်နေ့ဝယ်ကျွေးမယ်လေ"

"ဘာမုန့်လဲ မည၊ ငါ ဘာမှမစားပါဘူး"

ရာမညသည် အကြားအမြင်များ ရနေသလား။ နေဝေးက မုန့်တွေကို ဝှက်ထားတာတောင် ရာမညက ဘယ်လိုသိတာလဲ။ နေဝေးသည် ရာမညကို ဘူးခံငြင်းလိုက်ကာ စာရေးခုံပေါ်တင်ထားသော လူမှုရေးဘာသာ ဖတ်စာအုပ်ကို လှန်လှောကြည့်နေလိုက်သည်။ ရာမညကလည်း နေဝေးရဲ့ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လာကာ သူ့ဘက်ကို လှည့်ထိုင်စေသည်။

"ဝေး ဒီဘက်လှည့်ဦး၊ မင်းနှုတ်ခမ်းမှာ အုန်းသီးဖက် ကပ်နေတယ်၊ ငါလုပ်ပေးမယ်၊ ဝေဖာယိုသုပ် စားထားတာမဟုတ်လား၊ အနံ့ရတယ်၊ ငါ့ကို မညာနဲ့"

ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]Where stories live. Discover now