ဖေဖေနှင့် မေမေက အဘွားဆီကို လာလည်ကြမယ်ဆိုလို့ သက်ငြိမ်က ဘူတာရုံသို့ ရောက်လာကာ ရန်ကုန်ဘက်မှ ဆိုက်ရောက်လာမည့် အမြန်ရထားကို လာစောင့်လျက်ရှိသည်။ သီတင်းကျွတ်လကိုရောက်လျှင် မိဘဆရာ၊ လူကြီးသူမတွေကို ဂါရဝရှေ့ထားပြီး ကန်တော့ကြသော ရိုးရာအစဉ်အလာကလည်း ရှိကြတာဆိုတော့ ဖေဖေနှင့်မေမေသည် အလုပ်တွေကို ခဏနားခဲ့ကာ အဘွားကို လာကန်တော့ကြသည်။ အဲ့ဒါကြောင့် သက်ငြိမ်က ဖေဖေတို့အလာကို ဘူတာရုံမှာ လာစောင့်ဆိုင်းသည်။
ရန်ကုန်ဘက်မှ လာသော ရထားသည် မှန်းထားသောအချိန်ထက် နာရီဝက် နောက်ကျပြီးမှ ဘူတာဝင်လာသည်။ အထုပ်အပိုးတွေနှင့်အတူ ရထားပေါ်က ဆင်းလာသော မိဘတွေကိုမြင်လိုက်တာနဲ့ သက်ငြိမ်လည်း ဖေဖေတို့ဆီကို ပြေးသွားလိုက်သည်။ မိဘတွေနဲ့ ခွဲနေရတာဆိုတော့ ဘာပဲပြောပြောပါ သက်ငြိမ်လည်း ဖေဖေနှင့်မေမေကို လွမ်းသည်။
"မေမေ"
"သား! အောင်မလေး မေ့သားလေး ရန်ကုန်မှာတုန်းကနဲ့ မတူဘူး၊ အသားတွေပါ ဖြူဝင်းလာလို့ပါလား၊ မမြင်တာကြာလို့ထင်တယ်၊ ပိုချောလာသေး"
"ဟီး! မေမေမြှောက်ပြောတာနဲ့ ကျွန်တော် မြောက်တက်နေပြီ၊ ယူလာတဲ့အထုပ်တွေက များလှချည်လား၊ ပေးပေး၊ ကျွန်တော် ဆွဲလိုက်မယ်"
"အထုပ်တွေက လက်ဆောင်ပေးမယ့် အထုပ်တွေ၊ အိမ်အတွက် ရန်ကုန်လက်ဆောင်တွေ ဝယ်လာတာ၊ သားရဲ့ဂိုက်ဆရာလေးအတွက်ပါ လက်ဆောင်တွေ ဝယ်လာသေးတယ်"
"မေမေက ဝေးကို သိတာလား"
"ဝေးဆိုတာ လွမ်းနေဝေးကို ပြောတာမဟုတ်လား၊ လူချင်းသာ မမြင်ဖူးတာ၊ မေမေက အဲ့ဒီကလေးနဲ့ ရင်းနှီးနေပြီ၊ သားအဘွားက ရန်ကုန်ကို စာရေးတိုင်း အဲ့ဒီကလေးအကြောင်းလည်း ထည့်ထည့်ရေးတယ်"
"ဟုတ်လား၊ အဘွားက ဝေးအကြောင်းတွေကို စာထဲ ထည့်ရေးတာလား၊ ဘာတွေရေးတာလဲဟင်"
"ဪ.. လွမ်းနေဝေးက လိမ္မာသလို ကျောင်းစာမှာလည်း အရမ်းတော်တယ်တဲ့၊ မြေး သက်ငြိမ်လေးကို ပြောင်းလဲသွားအောင် ကိုင်တွယ်ပေးနိုင်တယ်တဲ့၊ မေ့သားက ပြောင်းလဲနေတဲ့ အကြောင်း၊ စာကြိုးစားနေတဲ့ အကြောင်းတွေပေါ့ သားရယ်"
YOU ARE READING
ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]
Romanceနယ်မြို့လေးမှာ ဖြစ်တည်လာခဲ့ကြသော မိုးသက်ငြိမ်နှင့် လွမ်းနေဝေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။