* အခန်း ၄ * U

7K 597 14
                                    

အင်္ဂလိပ်အက္ခရာ E ပုံသဏ္ဌာန် နှစ်ထပ်ကျောင်းကြီးဆီသို့ သက်ငြိမ်သည် ဖေဖေ၊ ဒေါ်လေးတို့နှင့်အတူ ရောက်လာသည်။ ဒီမြို့မှာ အထက်တန်းကျောင်းက တစ်ကျောင်းတည်းရှိပြီး လေးတန်းအထိ မူလတန်းကျောင်းတွေမှာသာ တက်ကြရပြီး ငါးတန်းရောက်မှ ကျောင်းကြီးကို ပြောင်းတက်ရသည်။ ကျောင်းနှင့်နီးသောရပ်ကွက်မှာ နေထိုင်ကြသော ကျောင်းသားများက ကျောင်းကို ခြေလျင်လာကြသလို ကျောင်းနှင့်ဝေးလျှင် စက်ဘီး၊ ဆိုက်ကားတို့ဖြင့် လာကြသည်။ ထူးခြားတာက ကိုယ်ပိုင်ကားဖြင့် ကျောင်းကိုလာသော ကျောင်းသားရော၊ ကိုယ်ပိုင်ကားဖြင့် ကျောင်းလိုက်ပို့သော ကျောင်းသားမိဘရော ဒီကျောင်းမှာ မရှိတာပင်။

ကျောင်းထဲကိုဝင်လျှင် ကျောင်းအဝင် မိန်းလမ်းမ၏ ဘယ်နှင့်ညာသည် ကျောင်းသားများ တန်းစီရပ်ထားသော စက်ဘီးများနှင့် ပြည့်နေသည်ကို တွေ့ရသည်။ အဲ့ဒီဘေးမှာ မုန့်ဈေးတန်းအဆောင်ရှိသည်။ မုန့်ဈေး တန်းနှင့် ကပ်လျက်မှာ သောက်ရေကန်ကြီး ရှိသည်။ ကျောင်းရှေ့က အလံတိုင်မှာ အစိမ်းရောင်အလံက ထိပ်ပိုင်းမှာ ရောက်နေတာမို့ ဒီနေ့ တာဝန်ကျ‌သော အသင်းက ဘုရင့်နောင်အသင်း။ ရေအိုးတွေထမ်းပြီး သောက်ရေကန်မှာ ရေလာခပ်ကြသော ကျောင်းသားများက ဘုရင့်နောင်အသင်းသားတွေ။

ကျောင်းအုပ်ဆရာမကြီးနှင့် တွေ့ပြီး ကျောင်းအပ်ပြီးသည့်အခါ ဆရာမက ဘယ်အခန်းနေချင်လဲလို့ မေးလာချိန်မှာ ဒေါ်လေးက လွမ်းနေဝေးနှင့် တစ်ခန်းတည်းနေစေချင်တယ်လို့ တောင်းဆိုလိုက်လို့ သက်ငြိမ်လည်း လွမ်းနေဝေးရှိသည့် A ခန်းကို ရောက်လာသည်။ A ခန်းကိုရောက်တာနဲ့ နောက်ဆုံးမှ ကျောင်းအပ်ရသူပီပီ သက်ငြိမ်က နောက်ဆုံးအတန်းမှာ သွားထိုင်ရသည်။ လွမ်းနေဝေးဆိုတဲ့ စာဂျပိုးက အခန်းနံရံနှင့်ကပ်လျက် ထိပ်ဆုံးခုံမှာ ထိုင်နေတာကို တွေ့ရသည်။ လွမ်းနေဝေးက သက်ငြိမ်ကိုလည်း မြင်ရော ထုံးစံအတိုင်း မျက်လုံးစိမ်းတွေနဲ့ ကြည့်လာသည်။

"မငေးရအောင်"

"အမ်!"

သက်ငြိမ် ထိုင်လိုက်တဲ့အတန်းမှာ ကောင်လေးနှစ်ယောက်ရှိသည်။ နှစ်ယောက်စလုံးက ပိန်ပိန်ပါးပါးအသားအရေ ဖြူဖြူကြည်ကြည်လေးတွေနှင့် ဖြစ် သည်။ တစ်ယောက်က နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြကာ သက်ငြိမ်နားမလည်သော စကားတစ်ခွန်းကို မွန်သံဝဲဝဲလေးနဲ့ ပြောသည်။ ဘာပြောတာလဲဆိုတာ သက်ငြိမ်နားမလည်လို့ လည်ပင်းကို လက်နဲ့ပွတ်ကာ ရယ်ပြလိုက်သည်။

ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]Where stories live. Discover now