* အခန်း ၁၄ * U

5.3K 466 15
                                    

လွမ်းနေဝေးက ကျောင်းကိုမပြန်သေးလို့ မိုးသက်ငြိမ်လည်း လွမ်းနေဝေးနှင့်အတူ ဘူတာရုံမှာ ရှိနေ သည်။ ခရီးသည်တွေသည် ဘူတာရုံမှာ ချိတ်ဆွဲထားသော နာရီအိုကြီးကို မကြာမကြာ ခေါင်းမော့ကြည့်ကြ၊ မီးရထားသံလမ်းဘက်ကို မျှော်ကြည့်ကြနဲ့ မုတ္တမဘက်က ထွက်လာ‌သော ရထားကို စောင့်မျှော်နေကြသည်။ လွမ်းနေဝေးတို့ သားအမိဆီက ပြောသံ ကြားတာတော့ ဒီနေ့ ရထားနောက်ကျနေတယ်တဲ့။ အဲ့ဒါကြောင့် အရင်နေ့တွေကလို ရထားမဆိုက်လာသေးလို့ လွမ်းနေဝေး ဈေးအော်ရောင်းတာကို သက်ငြိမ်လည်း မမြင်ရသေး။

"အမေ အမေ! ဟိုဘက်မှာ ဈေးသည်တွေ ရုတ်ရုတ် ရုတ်ရုတ်နဲ့ ဘာဖြစ်တာလဲ မသိဘူး"

"အေး၊ ဟုတ်တယ် သား၊ ဈေးဗန်းခေါင်းရွက်နေကြပါလား၊ ရထားလာနေပြီ ထင်တယ်"

ဘူတာရုံမှာ စောစောတုန်းက အခြေအနေနှင့် မတူဘဲ အသံဆူဆူတွေ ညံတက်လာသည်။ ဈေးသည်တချို့သည် ထမိန်ကို ခပ်တိုတိုပြင်ဝတ်ပြီး ဈေးဗန်း ခေါင်းရွက်နေကြသည်။ အဲ့ဒါဆို ရထားသံကြားရလို့လား။ ရထားသာ တကယ်လာနေရင် ဥသြဆွဲသံကို သေချာ ပေါက် ကြားရမှာပဲ။ ဒါပေမဲ့ သက်ငြိမ်နားထဲမှာ ရထားသံကို ကြားကို မကြားရတာ။

"ဟေ့ အေးမြရေ၊ နင်တို့သားအမိ ဈေးသွားမရောင်းကြဘူးလား၊ ဟိုမှာ သူများတွေ သွားကုန်ကြပြီ"

"ကျွန်မလည်း အဲ့ဒါကြည့်နေတာ၊ ရထားသံလည်း မကြားပါဘူး၊ ဘယ်သွားရောင်းကြတာလဲ"

"ဟယ် နင်တို့သားအမိ မသိကြဘူးလား၊ ရထားတွဲ လမ်းချော်လို့ ဟိုဘက်နှစ်ပြလောက်မှာ ရပ်နေတယ်၊ ဘူတာမဝင်နိုင်တော့ဘူး၊ အဲ့ဒါကြောင့် ဈေးသည်တွေ ဟိုဘက်ကို ပြေးသွားနေကြတာ၊ ရထားက တော်ရုံနဲ့ ပြန်ထွက်နိုင်မှာ မဟုတ်ဘူး၊ ငါတို့တော့ ဈေးရောင်းကောင်းပြီ အေးမြရေ"

အဲ့ဒါကြောင့် ဘူတာရုံမှာ အသံတွေ ဆူညံနေတာကိုး။ ဈေးသည်တွေသည် မျက်နှာကို ရွှင်ပျစွာ ဈေးဗန်းခေါင်းရွက်ပြီး ဘူတာရုံကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။ ရထားတွဲ လမ်းချော်လို့ ဘူတာကို မဝင်နိုင်တဲ့ကိစ္စက ဈေးသည်တွေအတွက် ဈေးရောင်းကောင်းမယ့် သတင်းထူးကြီး ဖြစ်နေမှန်း သက်ငြိမ်လည်း အခုမှ နားလည်သဘောပေါက်သွားသည်။ ဒီအချိန်မှာ ဈေးသည်တွေရဲ့ မျက်နှာတွေက ရွှင်ပျနေသလောက် ရထားစောင့်နေကြသော ခရီးသည်တွေရဲ့မျက်နှာမှာတော့ စိတ်ရှုပ်ထွေးနေမှုကို မြင်ရသည်။

ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]Where stories live. Discover now