* အခန်း ၁၇ * U

5.2K 446 7
                                    

မွန်ပြည်နယ်ဆိုတာ ပင်လယ်ကမ်းရိုးတန်းနဲ့ နီးစပ်ပြီး မိုးများသော အရပ်ဒေသဖြစ်သလို ဒီမြို့ငယ်လေးဟာ တောင်ခြေမှာ ရှိတာမို့ မိုးတွေ သဲသဲမဲမဲရွာချိန်ဆိုရင် တောင်ပေါ်စမ်းချောင်းတွေမှာ ရေလျှံတက်လေ့ရှိပြီး တောင်ကျရေတွေဟာ တဝေါဝေါနဲ့ လူနေရပ်ကွက်ထဲကို စီးဆင်းလာတတ်တာမို့ မြေနိမ့်ပိုင်း ရပ်ကွက်တွေမှာ အိမ်လှေကားမြုပ်သည်အထိ ရေကြီးရေလျှံလေ့ ရှိသည်။

ဒီညမှာ မိုးကောင်းကင်သည် လျှပ်ရောင်တဝင်းဝင်း၊ ခြိမ်းသံတပေးပေးနဲ့ သဲသဲမဲမဲကို ရွာချနေတဲ့အပြင် လေနီကြမ်းတွေပါ ဝှေ့ယမ်းပြီး တိုက်ခတ်နေသည်။ သက်ငြိမ်သည် မိုးအေးအေးမှာ စောင်နွေးနွေးလေးကိုခြုံကာ ကွေးနေအောင် အိပ်ပစ်လိုက်သည်။ နာရီနှိုးစက်သံ မြည်လာချိန် မနက် ၄ နာရီကိုရောက်မှ အိပ်ရာထကာ စာထိုင်လုပ်‌နေလိုက်သည်။ ၇ နာရီခွဲမှာ စာကြည့်စားပွဲက ပြန်ထကာ ရေချိုးဖို့ ပြင်သည်။

"နုငယ်ရေ ကွက်သစ်မှာ ရေကြီးနေပြန်ပြီ၊ ရေက ဒူးခေါင်းမြုပ်တယ်"

"ဟုတ်လား ကိုကျော်ရင်၊ အဲ့ဒါဆို စုဘူးကို ကျောင်းလွှတ်လို့ ဖြစ်ပါ့မလား၊ ကွက်သစ်မှာ ရေမြုပ်နေပြီဆိုမှတော့ ကျောင်းလည်း မြုပ်ပြီပေါ့"

"အင်း၊ သားကို မေးကြည့်ဦး၊ ကျောင်းသွားမလား၊ အိမ်မှာ နေမလားလို့၊ ကျောင်းကို စက်ဘီးနဲ့ လိုက်ပို့မှာဆိုတော့ ကိစ္စတော့ မရှိပါဘူး"

"ဪ.. ရှင်က စက်ဘီးနဲ့ လိုက်ပို့တယ် ထားဦး၊ ရှင့်သားက ကျောင်းရောက်ရင် ရေဆော့မှာပေါ့ ကိုကျော်ရင်ရဲ့၊ စုဘူးကို ကျောင်းလွှတ်လို့ ဘယ်ဖြစ်ပါ့မလဲ"

"အေးကွာ၊ အဲ့ဒါဆို စုဘူးကို ဒီနေ့ ကျောင်းမလွှတ်နဲ့တော့၊ သူ့အဘွားလည်း မပျင်းရတော့ဘူးပေါ့၊ ဒါနဲ့ အမေ့အသံ တိတ်နေပါလား၊ ဘယ်သွားတာလဲ"

"ခြံထဲ ဆင်းသွားပါ့တော်၊ ညက လေကောင်းတော့ ဒူးရင်းသီးတွေ တဘုန်းဘုန်း ကြွေတယ်မဟုတ်လား၊ အဲ့ဒါ ဒူးရင်းသီး သွားကောက်လေရဲ့၊ စုဘူးက သူ့အဘွားနဲ့ လိုက်သွားတယ်"

"အဲ့ဒါကြောင့် ဒီမြေးအဘွား အသံတိတ်နေတာကိုး"

မိုးသက်ငြိမ်က ရေချိုးဖို့ အင်္ကျီဗလာနဲ့ အိမ်အောက်ထပ်ကို ပြေးဆင်းလာချိန်မှာ ဒေါ်လေးက မီးဖိုချောင်မှာ ကြော်လှော်ချက်ပြုတ်ရင်း သူ့ယောင်္ကျားဖြစ်တဲ့ ဦးကျော်ရင်နဲ့ စကားပြောနေကြသည်။ ဒီနေ့ ရေကြီးလို့ အိမ်က ညီဝမ်းကွဲလေး စုဘူးကို ကျောင်းမလွှတ်ဘူးတဲ့။ အဲ့ဒါဆို စုဘူးတို့ကျောင်းက ရေမြုပ်နေတာပေါ့။ သက်ငြိမ်တို့ ကျောင်းကတော့ ရေမြုပ်တာမျိုး သိပ်မရှိပါ။ မိုးသုံးလေးရက် ဆက်ရွာပြီး တောင်ကျရေတွေ တော်တော်ပြိုမှသာ ကျောင်းရေမြုပ်တာမျိုး ကြားဖူးသည်။

ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]Where stories live. Discover now