* အခန်း ၃၂ * U

4.5K 303 9
                                    

ဆယ်တန်းစာမေးပွဲဖြေပြီးလို့ ကျောင်းတွေ ပိတ်သွားကတည်းက ညနေဆိုရင် လွမ်းနေဝေးကို စက်ဘီးနဲ့ ဗီဒီယိုရုံလိုက်ပို့ပေးတာကို သက်ငြိမ်လုပ်နေကြ။ ညစဥ်ညတိုင်းမှာ လွမ်းနေဝေးနှင့်အတူ ဈေးထိုင်ရောင်းပေးခဲ့သည်။ ဒီညနေမှာ ဖေဖေနှင့်မေမေ အိမ်မှာရှိနေတာမို့ သက်ငြိမ်က လွမ်းနေဝေးကို အဖော်လုပ်ပေးပြီး ဈေးထိုင်ရောင်းပေးလို့တော့ မရတော့ပါ။ ဒါပေမဲ့ လုပ်ပေးနေကြအတိုင်း ဗီဒီယိုရုံကိုလိုက်ပို့ပေးမှာမို့ နေညိုချိန်ရောက်တာနဲ့ သက်ငြိမ်သည် အိမ်ပေါ်က ပြေးဆင်းကာ အိမ်ရှေ့ထိုးရပ်ထားသော စက်ဘီးကို ဒေါက်ဖြုတ်လိုက်သည်။

"မိုးသက်ငြိမ်! ဒါက ဘယ်လဲ"

"ဝေးတို့အိမ်လေ ဖေဖေ၊ ဝေး ခဏနေ ဈေးရောင်းထွက်တော့မှာ၊ ကျွန်တော်က ညနေတိုင်း ဗီဒီယိုရုံကို လိုက်ပို့ပေးနေကြ၊ စက်ဘီးနဲ့ဆိုတော့ မြန်ပါတယ်"

"မသွားရဘူး မိုးသက်ငြိမ်၊ ကိုယ့်အိမ် ကိုယ်နေစမ်း"

"ဖေဖေ"

"မိုးသက်ငြိမ် မင်းကို ဈေးရောင်းခိုင်းဖို့ မွေးထားတာ မဟုတ်ဘူးနော်၊ ငါ ဒါပဲပြောမယ်"

"မရောင်းပါဘူးဗျာ၊ ဝေးကို ဗီဒီယိုရုံလိုက်ပို့ပေးပြီးတာနဲ့ ကျွန်တော် အိမ်ပြန်လာမှာ"

ဖေဖေသည် မျက်နှာကို တည်တင်းနေကာ သက်ငြိမ်ကို မျက်စိဒေါက်ထောက် လိုက်ကြည့်နေသလို ခံစားရသည်။ သက်ငြိမ် အိမ်ပေါ်က ဆင်းတာနဲ့ ဖေဖေကလည်း လှမ်းအော်မေးသည်။ သက်ငြိမ်သည် ဖေဖေ့စကားကို နားထောင်သလိုလိုနဲ့ တကယ်တမ်းကျတော့ နားမထောင်ပါ။ စက်ဘီးကိုသာ ဒေါက်ဖြုတ်ပစ်ကာ ဖေဖေ့အရှေ့မှာပဲ နင်းထွက်လာလိုက်သည်။

"ဝေးရေ ဝေး..အဆင်သင့်ဖြစ်ပြီလား၊ အစ်ကိုရောက်ပြီနော်"

သက်ငြိမ်သည် အသံပေးအော်ပြောကာ လွမ်းနေဝေးတို့ခြံထဲ စက်ဘီးကို နင်းဝင်လာပြီးတော့ အိမ်ရှေ့မှာ စက်ဘီးကို ဒေါက်ထောက်ရပ်လိုက်သည်။ အိမ်ရှေ့ ဖိနပ်ချွတ်ကို ပြေးတက်သွားတဲ့အခါ ဖိနပ်ချွတ်နေရာမှာ အရင်လို ဒီအိမ်က သားအမိတွေရဲ့ ဖိနပ်များများစားစားကို သက်ငြိမ်မမြင်ရ။ အိမ်ရှေ့ခန်းကို ဝင်လာတဲ့အခါမှာလည်း တစ်အိမ်လုံး အသံတိတ်ဆိတ်နေသည်။ ဒေါ်အေးမြလည်း အိမ်ရှေ့ခန်းမှာ ထိုင်မနေပါ။ ကလေးတွေသည်လည်း ဆော့မနေကြ။ ဘယ်လိုဖြစ်တာလဲ။

ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]Where stories live. Discover now