* အခန်း ၃ * U

7.4K 665 10
                                    

လမ်းမတန်းဘက်မှာ ရှိသော အဘွားကြည်အေးတို့ အိမ်သည် အိမ်ရှေ့ခန်းတွင်သာ မီးရောင်မြင်နေရကာ တစ်အိမ်လုံး အမှောင်ကျနေသည်။ ဒီဒေသမှာက ည စာကို မိုးမမှောင်ခင်မှာ စားကြတာများသည်။ မိုးမမှောင်ခင် ညစာစား၊ မိုးမှောင်တာနဲ့ အိမ်တံခါးပိတ်ပြီး စောစောစီးစီး အိပ်ရာဝင်တတ်ကြသည်။

အဘွားသည် ရှေးလူကြီးပီပီ ဇာတ်ပွဲကြည့်ရတာကို ဝါသနာပါသည်။ ရုပ်မြင်သံကြားစက်တွေ ပေါ်လာချိန်မှာ တီဗွီကို ချက်ချင်းဝယ်ယူသည်။ အခုလည်း အဘွားက သူ့စိတ်တိုင်းကျ ရုပ်သံလိုင်းကို ပြောင်းကြည့်နိုင်အောင်လို့ တီဗွီ remote ကို အပိုင်စီးယူ ထားသည်။ သစ်သားအိမ်ကြီးထဲ တခမ်းတနားထည့်ထားတဲ့ တီဗွီကြီးကို ဖုန်သုတ်‌သောအလုပ်ကိုလည်း အဘွားက သူကိုယ်တိုင်လုပ်သည်။

မြန်မာ့အသံနှင့် မြဝတီ နှစ်လိုင်းတည်းသော ရုပ်သံလိုင်းကို တစ်လှည့်စီပြောင်းနေတတ်ပြီး အဘွားက မြဝတီလိုင်းကို ပိုသဘောကျသည်။ မြဝတီလိုင်းက လွှင့်ပေးသော ဇာတ်လမ်းတွဲကို အဘွားက ပိုကြိုက်တာမို့ အိမ်သားတွေကလည်း အဘွားဖွင့်ပြသော ရုပ်သံအစီအစဥ်ကိုသာ ထိုင်ကြည့်နေရတတ်သည်။ အဒေါ့်သားဖြစ်တဲ့ စုဘူးက ကြော်ငြာကြည့်ချင်တယ်လို့ အဘွားကို ပူဆာရင်တော့ အဘွားက ကြော်ငြာဝင်တဲ့လိုင်းကို လှည့်ပေးတတ်သည်။

"ဒါနဲ့ ဒေါ်လေးယောင်္ကျား ဦးကျော်ရင်လည်း မမြင်ပါ့လား"

"ပြောမနေပါနဲ့တော့ သက်ငြိမ်ရေ၊ အဒေါ့်မှာ ညရေး ညတာ သူ့ကို အားကိုးရမလားမှတ်တယ်၊ မိုးမမှောင်ခင်ထဲက ဓာတ်မီးတစ်လက်နဲ့ ဗီဒီယိုရုံထွက်သွားတာပဲ၊ ဒီညက ရုံမှာ ဒွေးနဲ့ စုလှိုင်နှင်းကား တင်ပေးထားလို့တဲ့၊ ဗီဒီယိုသွားကြည့်သတဲ့လေ"

"အဲ့ဒီလိုမှန်းသိရင် ကျွန်တော်လည်း ဦးကျော်နဲ့ လိုက်သွားပါတယ်၊ အိမ်မှာ ပျင်းနေတာနဲ့"

သက်ငြိမ်က အဲ့ဒီလိုပြောတော့ ဖေဖေက သက်ငြိမ်ကို လှမ်းကြည့်ကာ မျက်စောင်းခဲသည်။ သက်ငြိမ်လည်း ဇက်ကလေးပုကာ ပခုံးကို ကျုံ့ပစ်ထားလိုက်သည်။ သန်ဘက်ခါဆိုရင် ဖေဖေ ရန်ကုန်ပြန်‌တော့မည်။ အဲဒီအခါကျမှ သက်ငြိမ်လည်း ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်လို့ရမည်။

ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]Where stories live. Discover now