* အခန်း ၃၃ * U

4.9K 344 8
                                    

ကိုမိုးသက်ငြိမ် ပြေးထွက်သွားတော့မှ ဝေးကလည်း ကြမ်းပြင်ပေါ် ဒူးညွှတ်ချကာ ရှိုက်ကြီးတငင်ငိုသည်။ဝေးငိုနေတာမြင်ရတော့ ရာမညလည်း စိတ်မကောင်းပါ။ ဖြစ်သွားခဲ့သမျှသော အကြောင်းစုံကို ရာမညက သိနေတော့လည်း ဝေးကိုသာ ကရုဏာသက်မိသည်။ ဝေးသည် ရာမညကို အကူအညီတောင်းပြီး တမင် ဟန်ဆောင်ခိုင်းကာ ဒီလမ်းကို ရွေးချယ်လိုက်တာမို့ ဝေးကိုလည်း အပြစ်ဖို့ချင်သည်။

"ဝေး အဆင်ပြေရဲ့လား၊ ဘာလို့များ ဒီလမ်းကို ရွေးရတာလဲ၊ အခုကျ မင်းက သစ္စာမရှိတဲ့ ဖောက်ပြန်သူဖြစ်သွားရပြီလေ"

"အဲ့ဒါဆို ဘယ်လိုလမ်းခွဲရမှာလဲ မည၊ အစ်ကို ငါ့ကို ဘယ်တော့မှ လက်လွှတ်မှာမဟုတ်ဘူး၊ ဦးထင်လင်းငြိမ် ငါ့ကိုပြောဆိုသွားခဲ့တဲ့ စကားတွေကို မင်းလည်း ကြားတာပဲ၊ ငါ့ကို အဆင့်လုံးဝမရှိသလို ပြောဆိုသွားတာ၊ ငါ မာနရှိချင်တယ် မည၊ ငါ မာနရှိချင်တယ်၊ ငါ အစ်ကို့ကို အရမ်းချစ်ပါတယ်၊ ဒါပေမဲ့ ဒီလိုပုံစံနဲ့မှ အစ်ကို့ကို လမ်းခွဲလို့ ရနိုင်မယ်"

ဝေးသည် ရှိုက်ကြီးတငင် ငိုကြွေးနေတာမို့ ကျောပြင်လေးဟာလည်း အလိုက်သင့်လေး လှုပ်ခါနေသည်။ မျက်ရည်တွေ ဝေ့သီတက်နေတဲ့ မျက်ဝန်းလေးတွေနဲ့ ရာမညကို ခေါင်းလေး မော့ကြည့်ကာ ပြန်ဖြေသည်။ ရာမညသည် ရင်ထဲမကောင်းလွန်းလို့ ဝေးရဲ့အနီးကို တိုးကပ်သွားကာ အဲ့ဒီလှုပ်ခါနေတဲ့ ကျောပြင်လေးကို ကိုယ့်ရင်ခွင်ထဲ ဆွဲသွင်းပြီးသာ ထွေးဖက်ထားလိုက်သည်။

"အစ်ကို ငါ့ကို မုန်းသွားပြီ၊ ငါ့ကို နာကျည်းမုန်းတီးသွားတာ၊ ငါ့ကို ရွံ့သွားတာ၊ အစ်ကို ငါ့ကို ရွံရှာသွားတာ..အင့်..အီးဟီး"

"ဝေးရယ်"

ဝေးရဲ့ပါးပြင်ပေါ် စီးကျနေတဲ့ မျက်ရည်တွေကို ကျွန်တော့်လက်နဲ့ သုတ်ဖယ်ပေးနေမိသည်။ ဝေးက ကျွန်တော့်အရှေ့မှာ ဟန်မဆောင်နိုင်အောင် ထပ်ငိုပြန် သည်။ ဝေး အငိုရပ်အောင်လို့ ကျွန်တော် လှည့်ပတ်ပြောဆိုသော စကားများကလည်း အချည်းနှီးသာ။ ဒီဘူတာကိုပဲ ပြန်ဆိုက်တယ်ဆိုသလို လှည့်ပတ်ပြောပေးသော စကားတွေဟာလည်း ဒီနေရာပဲ ပြန်ရောက်သွားတာမို့ ဝေးအငိုရပ်အောင် ကျွန်တော်မတတ်နိုင်ခဲ့ပါ။ အဲ့ဒါကြောင့် ဝေးအနားမှာ ကျွန်တော် ရှိပေးခဲ့သည်။

ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]Where stories live. Discover now