* အခန်း ၃၀ * U

4.8K 336 2
                                    

ဘာလိုလိုနဲ့ သက်ငြိမ် ဒီမြို့လေးမှာ ရောက်ရှိနေတာ တစ်နှစ်ပြည့်သွားပြီ။ မနက်ဖြန် အောင်စာရင်းထွက်မှာမို့ ဖေဖေနှင့်မေမေလည်း ရထားနဲ့ပဲ ညနေပိုင်းမှာ ရောက်လာကြသည်။ မနှစ်က ဒီလိုအချိန်မှာ သက်ငြိမ်သည် အရာရာကို ပေါ့ပြက်ပြက်ပဲ သဘောထားခဲ့တာမို့ အောင်စာရင်းကို အထူးတလည် ရင်ခုန်စိတ်လှုပ်ရှားခြင်းတွေ မရှိခဲ့ပါ။ ဆယ်တန်းကျရင် အောင်တဲ့အထိ အမေက ထားပေးမှာပဲဆိုပြီး ဟာသလုပ်ခဲ့သည်။ ဒါပေမဲ့ အခုချိန်မှာ အောင်စာရင်းကို သက်ငြိမ် အထူးတလည် ရင်ခုန်နေမိသည်။

သက်ငြိမ်သည် စောစောစီးစီး အိပ်ရာဝင်လိုက်ပေမယ့် မနက်ဖြန်ထွက်မယ့် အောင်စာရင်းကြောင့် စိတ်လှုပ်ရှားပြီး အိပ်မပျော်နိုင်ခဲ့ပါ။ ဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်သံကို ကြားတာနဲ့ သက်ငြိမ်လည်း အိပ်ရာထလိုက်သည်။ ရေတွင်းမှာ မျက်နှာသွားသစ်ပြီးနောက် လက်နှိပ်ဓာတ်မီးကိုပါ ကောက်ယူလိုက်သည်။ ခြေသံဖွဖွနင်းလျှောက်ပြီး အိမ်အောက်ထပ်ကို ဆင်းလာချိန်အထိ အိမ်သားတွေသည် မနိုးကြသေးပါ။ သက်ငြိမ်သည် ဓာတ်မီးထိုးကာ စက်ဘီးစီးပြီး လွမ်းနေဝေးတို့ အိမ်ကို ထွက်လာလိုက်သည်။

"ဝေးရေ လာ.. စက်ဘီးပေါ် တက်"

အောင်စာရင်း သွားကြည့်မယ့်အချိန်ကို ပြောထားပြီးပြီဆိုတော့ လွမ်းနေဝေးကလည်း သက်ငြိမ်အလာကို ခြံရှေ့မှာ ရပ်စောင့်နေသည်။ ကျောင်းရောက်တော့ အောင်စာရင်းကပ်ထားပေးသော ကြော်ငြာသင်ပုန်းအရှေ့မှာ ကျောင်းသားထုကြီးက ပြုံတိုးအုံခဲနေကြသည်။ သက်ငြိမ်လည်း ရင်တဒိတ်ဒိတ် အခုန်မြန်ကာ စိတ်လှုပ်ရှားစွာနဲ့ လူအုပ်ကြားထဲ တိုးဝှေ့ဝင်ပြီး အောင်စာရင်းကို ကြည့်လိုက်သည်။

"အား! ငါလုပ်နိုင်တယ်၊ ငါလုပ်နိုင်ခဲ့တယ်"

မိုးသက်ငြိမ်၊ အဘအမည် ဦးထင်လင်းငြိမ်၊ ဂုဏ်ထူးရဘာသာ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး။ သက်ငြိမ်နာမည်ဘေးမှာ ဂုဏ်ထူးတွေဟာ စီတန်းလို့ပင်။ သက်ငြိမ်သည် ဝမ်းမြောက်ဝမ်းသာ အသံကြီးနဲ့ အာခေါင်ခြစ်ပြီး အော်ဟစ်ပစ်လိုက်သည်။ ပြီးခဲ့တဲ့ နှစ်တုန်းကတော့ သက်ငြိမ်ဟာ အောင်စာရင်းအဖြေကိုကြည့်ပြီး ခေါင်းငိုက်စိုက်ကျကာ အရှုံးနှင့်လူသားအဖြစ် အိမ်ကို ပြန်သွားခဲ့ရသည်။ ဖေဖေ ဆူပူတာကို ခေါင်းငုံ့ခံခဲ့ရသည်။ ဒီနှစ်မှာတော့ မိုးသက်ငြိမ်သည် အောင်ပွဲခံအပြုံးနှင့် ခေါင်းမော့ပြီး ဖေဖေ့ကိုကြည့်နိုင်ပြီ။ တစ်လောကလုံးကို ကြည့်နိုင်ပြီ။

ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]Tahanan ng mga kuwento. Tumuklas ngayon