* အခန်း ၃၄ * U

6K 350 14
                                    

ခေတ်အလင်း မနက်စောစောနိုးလာကာ အိပ်ရာထလိုက်သည်။ ကိုကြီးကတော့ ခေတ်အလင်းရဲ့ဘေးမှာ အိပ်ပျော်နေသေးသည်။ ခေတ်အလင်းသည် ကိုကြီးရဲ့အရိပ်အခြည်ကို လှမ်းကြည့်ကာ ညတုန်းက ဆွဲဖြဲခံလိုက်ရတဲ့ ကဗျာစာရွက် အပိုင်းအစတွေကို အံဆွဲထဲမှ ယူထုတ်လိုက်သည်။ အပိုင်းပိုင်းပြတ်နေသော စက္ကူအပိုင်းအစတွေကို ပြန်တေ့ဆက်ကာ တိတ်အကြည်ဖြင့် လိုက်ကပ်သည်။ စာရွက်ကို တစ်ရွက်အပြည့် ပြန်ဆက်ပြီးချိန်မှာတော့ စာကြည့်စားပွဲ နှင့်ကပ်လျက် အခန်းနံရံမှာ ပြန်ကပ်ဖို့ ဟန်ပြင်ပြီးမှ ကိုယ့်လက်ကို ပြန်ရုပ်ပစ်လိုက်သည်။

"လုံးဝ အမြင်မလှဘူးကွာ၊ အပိုင်းပိုင်းပြတ်နေတာကို ဆက်ထားရတာ ကျက်သရေတုံးချက်၊ အစ်ကို့ကို အသစ်တစ်ရွက် ပြန်ရေးခိုင်းရမယ်"

ခေတ်အလင်းသည် ကဗျာစာရွက်ကို ပြန်ခေါက်ကာ အင်္ကျီအိတ်ကပ်ထဲ ထိုးထည့်လိုက်သည်။ စာကြည့်စားပွဲမှထကာ ခြံထဲဆင်းသည်။ ရေတွင်းမှာ မျက်နှာသွားသစ်ပြီးတာနဲ့ ငှက်ပျောရွက်ဖြင့် ဖက်ခွက်လေး ပြုလုပ်သည်။ စကြာပန်းတွေကို ခူးကာ ဖက်ခွက်ထဲထည့်သည်။ ပြီးတာနဲ့ ဖက်ခွက်ကို လက်ထဲကိုင်ကာ အစ်ကိုလွမ်းနေဝေးရဲ့အိမ်ကို ထွက်လာလိုက်သည်။

"ခေတ်အလင်းက တကယ်ပဲ ဒုတိယမိုးသက်ငြိမ် ဖြစ်လာဖို့ တာစူနေတာပဲ"

မိုးသက်ငြိမ်သည် အိမ်အပေါ်ထပ် ပြတင်းပေါက်ကနေသာ စကြာပန်းပင်ကို လှမ်းငေးကြည့်နေမိသည်။
စကြာပန်းပင်မှာ ခေတ်အလင်း ပန်းခူးနေတာကိုမြင်ရတော့လည်း သက်ငြိမ်က ကိုယ့်ကိုယ်ကိုယ် ပြန်မြင်နေရသလို ခံစားရသည်။ ခေတ်အလင်းရဲ့ မျက်နှာလေးဟာ ကြည်သာရွှင်ပြုံးနေတာ။ သက်ငြိမ်လည်း တစ်ချိန်တုန်းက အဲ့ဒီလို ဖြစ်ခဲ့တာပဲ။ ခေတ်အလင်းသည် စကြာပန်းတွေ ခူးထည့်ထားတဲ့ ဖက်ခွက်လေးကို လက်ထဲဆုပ်ကိုင်ကာ ခြံအပြင် ထွက်သွားသည်။ ဒီကောင်လေး ဘယ်ကိုသွားတာလဲဆိုတာ သက်ငြိမ်သိသည်။ ဒီအတိုင်းသာ လွှတ်ထားရင် တစ်နေ့မှာ ဒီကောင်လေးဟာ မိုးသက်ငြိမ်လိုပဲ လှည့်ဖြားခံရမှာ။ မိုးသက်ငြိမ်လိုပဲ သစ္စာဖောက်ခံရမှာ။

"အလင်း စောစောစီးစီး ရောက်လာပါလား၊ ပန်းတွေ ခူးလာပြန်ပြီလား ကောင်လေး"

ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]Where stories live. Discover now