* အခန်း ၂၄ * U

4.7K 370 5
                                    

၃ လ ကြာပြီးနောက်

ဝါလကင်းလွတ်သည့် သီတင်းကျွတ် အခါသမယကို ရောက်လာတာမို့ သက်ငြိမ်တို့ ကျောင်းတွေလည်း ရက်ပိုင်းလောက် ပိတ်ကြသည်။ ဦးကျော်ရင်က ကောက်ရိတ်သိမ်းဖို့ လယ်ထဲဆင်းတဲ့အခါ သက်ငြိမ်တို့လည်း လယ်ထဲလိုက်ဆင်းကြသည်။ ဦးကျော်ရင် မောင်းသော နွားလှည်းပေါ်မှာ သက်ငြိမ်တို့ အိမ်သားအားလုံးက လူစုံတက်စုံပင်။ သက်ငြိမ်ခေါ်လာတာမို့ လွမ်းနေဝေးပါ လှည်းပေါ်မှာ ပါလာသည်။

ပုဆိုးကို ခပ်တိုတို ပြင်ဝတ်ထားသော ဦးကျော်ရင်သည် တောင်သူဦးကြီး ပီသစွာ နွားလှည်းမောင်းတဲ့နေရာမှာလည်း ကျွမ်းကျင်လှသည်။ ဦးကျော်ရင်ရဲ့ ကြိမ်နှင်တံအတို့မှာ ငဖြူနှင့်ငညို နွားနှစ်ကောင်က မြန်မြန်သွက်သွက် သွားကြသည်။ အဘွား၊ ဒေါ်လေးနှင့် ညီလေး စုဘူးက နွားလှည်းရဲ့အရှေ့ပိုင်းမှာ တိုးကပ်ထိုင်ကြသည်။ သက်ငြိမ်နှင့် လွမ်းနေဝေးက နွားလှည်းရဲ့အနောက်ပိုင်းမှာ ခြေတွဲလျောင်းချထိုင်ပြီး လိုက်ပါလာကြသည်။

အဘွားပိုင်သော လယ်မြေတွေဟာ ဇင်းကျိုက်ဘက်မှာရှိတာမို့ ဇင်းကျိုက် ကားလမ်းဘေးတစ်ဖက်က လှည်းလမ်းကြောင်းပေါ်ကနေ ကုလားမတောင်တန်းဘက်ကို ဦးတည်သွားကြသည်။ မိန်းမတစ်ယောက် ဆံပင်ဖားလျားချကာ လဲလျောင်းအိပ်စက်နေတဲ့ပုံစံနှင့် သဏ္ဌာန်တူလှသော ကုလားမတောင်တန်းကြီးကို ငေးကာငေးကာဖြင့် သက်ငြိမ်တို့သည် လယ်မြေတွေဆီအရောက် နွားလှည်းစီးပြီး လိုက်ပါသွားကြသည်။

"အဘွားရေ အဘွား.. ဟိုအရှေ့က တဲက ကျွန်တော်တို့ တဲလားဗျ"

"အေး.. ဟုတ်တယ်၊ အဲ့ဒါ အဘွားတို့ တဲပဲ"

ခပ်လှမ်းလှမ်းတစ်နေရာမှာ လယ်ကန်သင်းကြားထဲ တဲအိမ်တစ်လုံးကို မြင်ရသည်။ ကောက်ဦးပေါ်ချိန်ဆိုတော့ အဘွားရဲ့လယ်တောမှာလည်း စပါးခင်းတွေ ရိတ်သိမ်းချိန်မို့ စိမ်းစိုနေ‌သော စပါးခင်းတွေ၊ မှည့်ဝင်းကိုင်းညွတ်နေသော စပါးခင်းတွေကို သက်ငြိမ်က မမြင်ရတော့ပါ။ အဲ့ဒီအစား လယ်ကန်သင်းဘေးက မြေတလင်းမှာ လူတစ်စုက စပါးခြွေ၊ စပါးလှမ်းနေကြတာကို လှမ်းမြင်ရသည်။ ဦးကျော်ရင်က နွားလှည်းကို တဲရှေ့က ဇီးပင်အရိပ်‌အောက်မှာ ရပ်လိုက်တာမို့ သက်ငြိမ်တို့လည်း နွားလှည်းပေါ်က ခုန်ဆင်းကြသည်။

ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]Where stories live. Discover now