စာရေးသူ၏ အမှာစာ [U]

26.2K 878 10
                                    

နယ်မြို့လေး၏ အထက်တန်းကျောင်းတွင် တက်ရောက်ခဲ့ကြသော ကျောင်းသားနှစ်ဦးကြားမှာ ဖြစ်တည်လာခဲ့ကြသော ချစ်ခြင်းမေတ္တာကို ဇာတ်အိမ်ဖွဲ့၍ ဤဝတ္ထုကို ရေးသားထားခြင်း ဖြစ်ပါတယ်။ ဤဝတ္ထုကို ရေးဖွဲ့ရာ၌ ကျောင်းသားများ၏ နေ့စဥ်ဘဝဖြတ်သန်းမှုတွင် ရိုးရှင်းသော အချိန်ကာလတစ်ခုဖြစ်ခဲ့သော မိုဘိုင်းဖုန်းနှင့် အင်တာနက်များ မပေါ်ခင် တစ်ခေတ်တစ်ခါကို ပြန်လည်သွားရောက်၍ ဇာတ်အိမ်တည် ရေးသားခဲ့ပါတယ်။

ဤဝတ္ထု၏ အဓိက ဇာတ်ကောင်များမှာ မိုးသက်ငြိမ်နှင့် လွမ်းနေဝေး ဖြစ်ပါတယ်။ မိုးသက်ငြိမ်သည် စီးပွားရေးတောင့်တင်းသော မိဘများ၏ အရိပ်အောက်တွင် အပူအပင်ကင်းကင်း၊ စိတ်အေးချမ်းစွာ နေထိုင်လာရပေမယ့် ပေါ့ပြက်ပြက် ခံယူချက်နဲ့ ဘဝရည်မှန်းချက်မရှိ ဖြတ်သန်းနေသူဖြစ်ပေမယ့် သူနှင့် ဆန့်ကျင်ဘက်ဖြစ်သော လွမ်းနေဝေးကတော့ ဖခင်ဆုံးပါးသွားခဲ့ပြီမို့ ရောဂါသည်မိခင်ကို အလုပ်ကျွေးပြုကာ အစ်ကိုကြီး အဖအရာဆိုတဲ့အတိုင်း အသက် ၁၆ နှစ်အရွယ်နဲ့ အိမ်ထောင်ဦးစီးနေရာကို ရောက်ရှိလာရသူလည်း ဖြစ်ပါတယ်။

ဆင်းရဲမှု လောကဓံမှန်သမျှကို ဒေါင်ကျကျ ပြားကျကျ ရင်ဆိုင်ကာ ဘဝရည်မှန်းချက်ကို ခပ်မြင့်မြင့်သာ ထားရှိလေသော ထူးချွန်ကျောင်းသားလေး ဖြစ်တဲ့ လွမ်းနေဝေးနှင့် ဆယ်တန်းနှစ်ကျ ဖြစ်သွားခဲ့ရ​သော မိုးသက်ငြိမ်တို့နှစ်ဦးဟာ နယ်မြို့လေးမှာ ဆုံစည်းကြတဲ့အခါ ဆန့်ကျင်ဘက် စိတ်နေစိတ်ထားရှိကြတဲ့ သူတို့နှစ်ဦးကြားမှာ အမြင်မကြည်မှုများ၊ အဆီအငေါ့မတည့်မှုများ၊ ချောက်ချမှုများကြားမှာပင် ငြိတွယ်သွားခဲ့ကြသော ခိုင်မြဲလေးနက်သော ချစ်ခြင်းမေတ္တာကို စာဖတ်သူတို့အနေဖြင့် ဖတ်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။

အချစ်စိတ်ကြောင့် ဖြစ်တည်လာရသော ကြိုးစားချင်စိတ်တွေ၊ အသစ်တဖန် ပြန်လည်ကိန်းဝပ်လာသော ဘဝမှာ အဓိပ္ပာယ်ရှိရှိ ရှင်သန်ချင်စိတ်တွေ၊ ဇာတ်ကောင်နှစ်ဦးကြား အေးအတူပူအမျှ ထားရှိခဲ့ကြသော ချစ်မေတ္တာတွေနှင့် ချစ်သူကို ပိုင်ဆိုင်ခွင့်ရရှိဖို့ အဖျက်အမှောင့် အတားအဆီးကြားမှာ ကျားကုတ်ကျားခဲ ကြိုးစားအားထုတ်မှုတွေကို ဖတ်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ ဤဝတ္ထုကို လေးနက်သော စိတ်ခံစားမှု၊ ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် ရေးဖွဲ့ခဲ့ခြင်းကြောင့် စာဖတ်သူတို့အနေဖြင့် စိတ်ကျေနပ်နှစ်သက်မှုကို ရရှိကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

မေတ္တာဖြင့်
​Smile Apple

ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]Where stories live. Discover now