အပိုင်း - (၁)

6.5K 109 3
                                    

ဆည်းဆာရောင်လွှမ်းနေသော ကောင်းကင်ပြင်နှင့်အတူ ပုစွန်ဆီရောင်တောက်နေသည့် တိမ်စိုင်တိမ်လိပ်တို့က ညနေခင်း၏နေဝင်ချိန်အလှကို အကောင်းဆုံးပုံဖော်ခြယ်သလို့နေသည်။ ဆောင်းဦးကာလမို့ တိုက်ခတ်နေသည့် လေညင်းတို့ကလည်း အအေးဓာတ်အနည်းငယ်ပိုနေ၏။

လိမ္မော်ရောင်သန်းနေသော မိုးကုပ်စက်ဝိုင်းနှင့်အပြိုင် မျက်စိတစ်ဆုံး ကြည့်မကုန်နိုင်သည့် ရောင်စုံခြယ်ပန်းခင်းကြီးမှာလည်း သူ့ထက်ငါအပြိုင်အဆိုင် ပွင့်ဖူးနေကာ လေယူရာတိမ်း၍ ယိမ်းကလို့နေလျက်ရှိသည်။ မတူညီသည့်သဘာဝတို့ ပေါင်းစပ်ထားသော ညနေခင်းအလှတရားတို့ကို တောင်ကုန်းထက်မှာ ခြေစုံရပ်ရင်း ငေးကြည့်နေသည့် အမျိုးသားငယ်တစ်ယောက်။

အရှေ့တိုင်း၏ တော်ဝင်ဆန်သောအလှနှင့် အနောက်တိုင်း၏ ခမ်းနားတင့်တယ်သောအဆင်းတို့ ပေါင်းစပ်ဖွဲ့စည်းထားသည့် အမျိုးသားငယ်၏ ရုပ်ရည်သွင်ပြင်သည် လူအများအမြင်မှာ အတော်လေးဆွဲဆောင်မှုရှိနေသလို ခြောက်ပေကျော်မြင့်တဲ့ သူ့ရဲ့အရပ်အမောင်းကလည်း လူတိုင်းမျက်စိကျရသည့် အားသာချက်တစ်ခု ဖြစ်လို့နေသည်။

တိုက်ခတ်နေသည့် ဆောင်းလေအေးကြောင့် ထိုအမျိုးသားငယ်ဝတ်ဆင်ထားသော ကုတ်အရှည်အနားစတို့က လေထဲမှာတဖျတ်ဖျတ် လွင့်ခါနေလျက်။ လက်နှစ်ဖက်နောက်ပစ်၍ ခြေစုံရပ်နေတာကပင် အများရဲ့အမြင်မှာ သူက ပြီးပြည့်စုံသည်ထက် သာလွန်လို့နေသည်။

ထူထဲနက်မှောင်တဲ့ မျက်ခုံးထူထူအောက်က အညိုရောင်မျက်ဝန်းတွေက ဆုံတွေ့ဖူးသူတိုင်း ထပ်ခါထပ်ခါ ကျရှုံးသွားစေနိုင်သည့် မာယာညွှတ်ကွင်းတစ်ခု။ ဒါပေမဲ့လည်း အမြဲလိုလိုတပ်ထားလေ့ရှိသော နေကာမျက်မှန်ကြောင့် လူအနည်းစုကသာ ထိုပျော်ဝင်ငြိတွယ်စရာကောင်းလှသည့် မျက်ဝန်းညိုတွေကို တွေ့ဖူးမြင်ဖူးကြသည်။

ဖြောင့်တန်းနေတဲ့နှာတံကို အဆုံးသတ်မှာ ပံ့ပိုးပေးထားသော ခပ်ချွန်ချွန်နှာထိပ်ဖျားနဲ့ အချိန်တိုင်းနီးပါး တင်းတင်းစေ့ထားတတ်တဲ့ နှုတ်ခမ်းပါးတစ်စုံက ယောက်ျားဆန်သည့်မျက်နှာကျကို ပိုပြီးခံ့ညားစေသည်။

My Step-mom's EX becomes My HUSBAND [ Book Version ]Where stories live. Discover now