Chapter 37
တစ်ဖက်မှ ဝူရွှယ်က စကားများစွာဆက်ပြောနေသော်လည်း စုယိကတော့ နားထောင်ရင်း အိပ်ငိုက်လာသည်။ စုယိသည် လှည့်၍ အခန်းထဲသို့ ကြည့်လိုက်ရာ ချူယင်း၏ လက်မောင်းမှ ကြွက်သားများ လှုပ်နေသည်ကို တွေ့လိုက်ရသည်။
စုယိ၏ အိပ်ချင်မှုသည် ချက်ချင်းပင်ပျောက်သွားသည်။ စုယိသည် ချူယင်းကိုကြည့်နေသည်ကို ရပ်၍ ပြောလိုက်သည်။
"ရွှယ်ရွှယ်လေး ငါဖုန်းချလိုက်တော့မယ်...ငါ့ကို ဖုန်းအသစ်ဝယ်ပေးဦးနော်..."
"အလျင်လိုလိုက်တာ...ငါစကားပြောလို့တောင် မပြီးသေးဘူးလေ..."
ဝူရွှယ်က အပြစ်တင်လိုက်၍ ပြီးမှ မေးလိုက်သည်။
"ဖုန်းက ဘာအမျိုးအစားဝယ်ရမှာလဲ..."
"ဘာဖြစ်ဖြစ် ရတယ်..."
ထို့နောက် စုယိသည် ဖုန်းကိုချလိုက်၍ အခန်းထဲသို့ ပြန်ဝင်လာလိုက်သည်။
ချူယင်းက ဆိုဖာပေါ်၌ထိုင်ကာ ပန်းသီးကို အခွံနွှာနေသည်။ စုယိပြန်ဝင်လာသည်ကို မြင်သည့်အခါ ပန်းသီးကို စုယိ၏ပါးစပ်နားသို့ တေ့ပေးလိုက်သည်။
"ပြီးပြီလား..."
စုယိက ပန်းသီးကို တစ်ကိုက်ကိုက်လိုက်၍ ဖုန်းကိုပြန်ပေးပြီး ဖြေလိုက်သည့်အချိန်တွင်အသံက အနည်းငယ် ဗလုံးဗထွေးဖြစ်သွားသည်။
စုယိသည် ချူယင်းဘေး၌ ထိုင်လိုက်၍ ရီမုတ်ဖြင့် တီဗီကို ဖွင့်လိုက်သည်။ တီဗီ၌ "Beauty And The Beast" ရုပ်ရှင် ပြနေလေသည်။
စုယိက နတ်သမီးပုံပြင်များကို သိပ်စိတ်မဝင်စားပေ။ ထို့ကြောင့် ချူယင်း၏ပခုံးပေါ်သို့မှီကာ ပြောလိုက်သည်။
"ဝိုင်ပုလင်း ဖောက်ကြရအောင်..."
ချူယင်းက စုယိကို ငုံ့ကြည့်လိုက်သည်။
"မင်းသောက်ချင်လို့လား..."
စုယိက အလျင်အမြန် ခေါင်းငြှိမ့်ပြလိုက်သည်။
ချူယင်းက စုယိထံမှ အကြည့်လွှဲလိုက်ကာ ငြင်းလိုက်သည်။
"မဖောက်ဘူး..."