Chapter 64
အိမ်ခြေယာမဲ့လေး။
စင်ပေါ်မှ ဆင်းပြီးနောက်တွင် ပတ်ပတ်လည်ရှိလူများက ဂုဏ်ယူကြောင်းပြောနေခဲ့ကြပြီး စုယိက ခေါင်းလေးညိတ်ပြကာ ထိုလူများထံမှ ချီးကျူးမှုအား အသိအမှတ်ပြုလိုက်၏။ထို့နောက်တွင် စုယိမှာ သူမ၏ထိုင်ခုံရှိရာသို့ ပြန်သွားခဲ့သည်။
ဆုလက်ခံပြီးချိန်မှစ၍စုယိမှာ အာရုံပျံ့လွင့်နေခဲ့ပြီး ဖြစ်ပျက်သမျှကို သတိမထားမိတော့ချေ။
ထိုအရာကိုသတိထားမိသော ချူယင်းက အခမ်းအနားပြီးဆုံးသောအခါတွင် စုယိအား ခပ်တိုးတိုးမေးလာသည်။
" ဘာဖြစ်လို့လဲ "
" ကျွန်မရလိုက်တာက တခြားတစ်ယောက်ရဲ့ ဆုထင်တယ် "
ချူယင်း၏ရုတ်တရက်ဆန်သောပွဲတက်ရောက်လာမှုကြောင့် ပွဲစီစဉ်သူများက ဆုစာရင်းကို ပြောင်းလဲပစ်လိုက်သည်မှာ သေချာသည်။စကားအဆုံးတွင် ချူယင်းက ခေတ္တငြိမ်သက်သွားခဲ့ပြီး ထို့နောက်တွင် သူက စုယိ၏ဆံပင်များကို ညင်ညင်သာသာကလေးပွတ်သပ်၍ နူးညံ့စွာပြောလာခဲ့လေသည်။
"မင်းအပြစ်မဟုတ်ပါဘူး... စိတ်မကောင်းမဖြစ်နဲ့တော့နော်"
စုယိက သက်ပြင်းအနည်းငယ်ချကာ ခေါင်းညိတ်လိုက်၏။ထို့နောက် ကားပေါ်သို့တက်တော့မည့်ဆဲဆဲတွင် တစ်စုံတစ်ယောက်က သူမ၏နာမည်အား အော်ခေါ်လာခဲ့သည်။
"စုယိ...."
ထိုသူမှာ ချန်းယန်ပင်။
ချန်းယန်မှာ လက်ထဲ၌ ဆုဖလားကိုကိုင်ထားဆဲဖြစ်ပြီး စုယိအား ညင်သာစွာ ပြုံးပြနေသည်။
"စကားပြောချင်လို့...အချိန်ရလား"
စုယိသည် ထူးထူးခြားခြားပင် မျက်နှာပူလာတော့၏။
" ဟုတ်ရပါတယ်.... ကားထဲကစောင့်နော် "
သူမက ချန်းယန်အားပြန်ဖြေလိုက်ပြီးနောက် ချူယင်းဘက်သို့လှည့်၍တစ်ဆက်တည်းပြောသည်။
သို့သော်လည်း စိတ်ပူနေပုံရသောချူယင်းက တစ်ချက်ကလေးမှမရွေ့ပေ။
" ခဏပဲကြာမှာပါ...နော် "
******
ပွဲကျင်းပသောကွင်းအနီးတွင် မြစ်တစ်စင်းရှိပြီး ဘေး၌မူလမ်းလျှောက်ရန်အလွန်သင့်တော်သော လမ်းသွယ်ကလေးတစ်ခုရှိသည်။