Chapter 67
အပိုင်းတစ်ပိုင်းထက်ပိုရှင်နိုင်မှာမဟုတ်ဘူး။
ပေကျင်းသို့ လေယာဉ်ဆိုက်ရောက်ချိန်တွင် ညနေလေးနာရီထိုးနေခဲ့ပြီဖြစ်သည်။
ဝူရွှယ်က စင်္ကြံအတိုင်း ထွက်လာသည့် လမ်းတစ်လျှောက်တွင် စုယိအား မေးလေ၏။
"အိမ်ပြန်မှာလား"
“ဟင့်အင်း....ငါတစ်နေရာဝင်စရာရှိတယ် ခရီးဆောင်အိတ်ယူသွားပေးဦး ” စုယိက အချိန်ကိုကြည့်လိုက်ပြီးပြန်ဖြေသည်။
" ဘယ်သွားမလို့လဲ....နင့်အတွက် ဗင်ကားလှမ်းခေါ်ပေးမယ်...ပိုအဆင်ပြေတာပေါ့ "
"ငါကားခေါ်ပြီးပြီ"
စုယိက သူမ၏ဖုန်းကို ဝှေ့ယမ်းပြပြီး ခရီးဆောင်အိတ်ကို ဝူရွှယ့်ဘေးသို့တွန်းပို့ပေးကာ ကပျာကယာပြေးထွက်သွားတော့သည်။
ဝူရွှယ်မှာ ရယ်ရခက်ငိုရခက်အခြေအနေတွင် ကျန်ရစ်ခဲ့သော်လည်း များများစားစားစိတ်မပူပါပေ။ရိုက်ကူးရေးမှာတစ်ရက်စော၍ ပြီးဆုံးခဲ့သည့်အတွက် နောက်ယောင်ခံလိုက်နေသောသတင်းထောက်များမရှိနိုင်သကဲ့သို့ စုယိသည်လည်း ဤအချိန်၌ချူယင်းထံသို့လွဲ၍ အခြားမည်သည့်နေရာကိုမှမသွားနိုင်ချေ။
စုယိကားပေါ်တက်လိုက်သောအခါ ချက်ချင်းဆိုသလိုပင် ယာဉ်မောင်းဖြစ်သူက "အလှလေး...ချူကော်ပိုရေးရှင်းအဆောက်အဦးကိုနော် ... " ဟုမေးလာသည်။
“ဟုတ်ပါတယ်.... ကျေးဇူးပါရှင့်”
ခရီးဆုံးသို့ရောက်သောအခါ စုယိက maskကို ခပ်တင်းတင်း ဆွဲတင်လိုက်ပြီး ခေါင်းငုံ့ကာ အဆောက်အဦးထဲသို့ မြေလျိုးမိုးပျံအကွက်ဖြင့် အမြန်ဝင်သွားတော့၏။
ထို့နောက် သူမက ဧည့်ကြိုကောင်တာရှေ့တွင်ရပ်လိုက်ပြီး ပုံမှန်မဟုတ်သောလေသံဖြင့် မေးလိုက်၏။
" ချူယင်းရဲ့ရုံးခန်းက ဘယ်အထပ်မှာရှိတာလဲမသိဘူး "
ထိုအခါ ကောင်တာ ဝန်ထမ်းက မတ်တပ်ထလာပြီး တစ်ကိုယ်လုံးဖုံးကွယ်ထားသည့်သူကို စေ့စေ့ကြည့်လျက် မေးမြန်းလေသည်။