Chapter 42
ကျွန်မကို ကျေနပ်အောင်လုပ်ဖို့ အရမ်းလွယ်တယ်။
ယခင်တစ်ခေါက်က ဘားတွင် ချူရှီးသည် အရက်မူးလွန်နေသဖြင့် စုယိ အရပ်အလွန်ရှည်သည်ကိုသာ မှတ်မိတော့သည်။
ချူရှီး၏အရှေ့မှ အမျိုးသမီးသည် ရိုးရှင်းစော တီရှပ်အဖြူရောင်နှင့် အပြာရင့်ရောင်ဂျင်းဘောင်းဘီကိုသာဝတ်ထားသော်လည်း ခန္ဓာကိုယ်အချိုးအစားက လှပလွန်းနေသည်။ နှာခေါင်းစည်းအပေါ်မှပေါ်နေသော မျက်လုံးနေရာတွင် မိတ်ကပ်များရှိ၍ မျက်လုံးများသည် အလွန်ဆွဲဆောင်မှုလှသည်။
စုယိသည် တီဗီထဲကထက် အပြင်မှာပင် ပို၍လှနေသေးသည်။
ချူရှီးက ချောင်းတစ်ချက် ဆိုးလိုက်သည်။
"ဘာဖြစ်လို့ WeChat မှာ ဘာမှပြန်မပြောတာလဲ...နင့်ကို ရှာနေရတာ တော်တော်ကြာနေပြီ..."
ချူယင်းက အေးစက်သောမျက်နှာထားဖြင့် ဘေးမှ လက်ထောက်ကိုပြောလိုက်သည်။
"ချူရှီးအတွက် ပေကျင်းကိုပြန်ဖို့ လက်မှတ်ဝယ်ပေးလိုက်..."
"မလုပ်ပါနဲ့...မလုပ်ပါနဲ့...ကိုကို ညီမလေးမှားမှန်းသိပါပြီ..."
ချူရှီးသည် ငိုမဲ့မဲ့လေးဖြစ်သွားသည်။
"ကိုကို လေယာဉ်ပေါ်မြန်မြန်တက်တော့လေ...နောက်ကျနေရင် မကောင်းဘူး..."
စုယိသည် ခန္ဓာကိုယ်ကို အနည်းငယ်စောင်းလိုက်ကာ ချူယင်း၏လက်မောင်းကိုမှီလိုက်သည်။ ချူရှီး၏ဤကဲ့သို့သော အပြုအမူမျိုးကို မြင်ရသောအခါ စုယိသည် အနည်းငယ်ရယ်ချင်သွားသည်။
"ရှင်သွားရတော့မယ့်အချိန်နီးနေပြီ...စစ်ဆေးဖို့သွားတော့..."
"အင်း..."
ချူယင်းက စုယိအားငုံ့ကြည့်လိုက်သည်။
"သူက မင်းကို ရိုက်ကွင်းပြန်ပို့ပေးပြီး ကိုယ့်ကို ပြန်အကြောင်းကြားလိမ့်မယ်..."
စုယိအား လေဆိပ်သို့ခေါ်လာပေးသည့် ဒရိုင်ဘာအကြောင်းကို ချူယင်းကပြောနေခြင်းဖြစ်သည်။
စုယိက မတ်မတ်ပြန်ရပ်လိုက်သည်။
"ရှင် အချိန်ရရင် ရှန်ဟိုင်းကိုလာပြီး ကျွန်မကိုလာတွေ့ဦးနော်..."