Chapter 79
သင်္ဘောသား၀တ်စုံ။
ပြန်ဖြေပြီးသည်နှင့် သူကထရပ်လိုက်ပြီး လှေကားထစ်ပေါ်တွင် ထိုင်နေသည့်သူဆီသို့လျှောက်သွားလိုက်သည်။
"ဘာလို့ဒီမှာထိုင်နေတာလဲ"
စုယိသည် နှုတ်ခမ်းကို တစ်ချက်ကိုက်လိုက်ပြီး တီရှပ်အင်္ကျီကို သပ်သပ်ရပ်ရပ်ဖြစ်နေသလားလို့ နောက်တစ်ခေါက်လောက်ပြန်စစ်လိုက်သည်။
"အန်တီနဲ့ ချူးရှီ နှစ်ယောက်လုံး ဒီမှာရှိနေတာကို ဘာလို့အင်္ကျီတစ်ထည်ပဲ ပေးတာလဲ"
ချူယင်းက မျက်ခုံးအသာပင့်လိုက်ပြီးနောက် သူမလက်ကို ကိုင်လိုက်သည်။
"မေ့သွားလို့ လာ ထ"
ထို့နောက် စုယိသည် အမျိုးသား တီရှပ်ပွပွကို ပေါ့ပေါ့ပါးပါး ဘောင်းဘီတိုဖြင့် တွဲဆက်၀တ်ဆင်ထားရပေသည်။
ရှက်လွန်းတာကြောင့် သေချင်ဆော်နံနေပြီဖြစ်သဖြင့် လှေကားထစ်တွင် ရပ်ပြီး အောက်ဆင်းရန်အတွက် ငြင်းဆန်နေမိသည်။
"ဒီပုံကြီးက ကြည့်ရတာ ရုပ်ဆိုးလွန်းနေတယ်မဟုတ်လား"
"မကြောက်ပါနဲ့ ရုပ်ဆိုးတဲ့ချွေးမလည်း သူ့ယောက္ခမကို တွေ့လို့ရပါတယ်"
စုယိရဲ့ ဒေါသတွေက ချက်ချင်းပင် ပေါက်ကွဲထွက်လာတော့သည်။
"ရှင်က ကျွန်မကို ရုပ်ဆိုးတယ်လို့ ပြောချင်တာလား"
ချူယင်းက သဘာဝကျကျဖြင့် ပြန်ဖြေလိုက်သည်။
"...ကိုယ့်ကိုယ်ကို ပြောတာပါ ကိုယ်ကရုပ်ဆိုးတယ်"
အဆုံးတွင်၊ သူတို့သည် အောက်သို့ဆင်းလာကြပေသည်။
မေမေချူက သူမကိုမြင်လိုက်ချိန်တွင် အရမ်းကိုတည်ငြိမ်နေသည့် ပုံဖြင့်ပြောလာသည်။
“ဆင်းလာပြီလား အန်တီက အခု ညစာ ချက်နေတာ မင်းစားချင်တာများ ရှိလား"
"သမီးက ဘာဖြစ်ဖြစ်အဆင်ပြေပါတယ်"
စုယိက ထပ်ပြောသည်။ “အန်တီ သမီး ကူလုပ်ပေးမယ်လေ”
“မလိုဘူး မလိုဘူး ရပါတယ်”
မေမေချူက သူမလက်ကို မရပ်မနားယမ်းပြတော့သည်။