Chapter 39
ငါ့ကိုကိုက ကမ္ဘာပေါ်မှာ နံပါတ်တစ်ပဲ...။
ရေချိုးခန်းထဲမှ ချူယင်းထွက်လာချိန်တွင် စုယိက လိမ္မာရိုကျိုးသည့်ပုံလေးဖြင့် ဖုန်းကို မြှောက်ပြကာ ပြောလိုက်သည်။
"ချူရှီးက ရှင့်ကို ဖုန်းခေါ်နေတာ...ကျွန်မ မတော်တဆ ကိုင်လိုက်မိတယ်..."
ချူယင်းသည် စုယိ၏ဘေး၌ ထိုင်ရန် စီစဉ်ထားသော်လည်း စိတ်ပြောင်းကာ ဘေးနားရှိ ဆိုဖာပေါ်၌သာထိုင်လိုက်သည်။
"မင်းကို စိတ်ဆိုးအောင်လုပ်သွားသေးလား..."
"မလုပ်ပါဘူး...အဲ့ဒီအရွယ် မိန်းကလေးတွေက အတွေးလွန်တတ်ကြတယ်..."
ချူယင်းက သတိပေးလိုက်သည်။
"သူက မင်းထက် နည်းနည်းပဲငယ်တာလေ..."
စုယိက ခေါင်းစဉ်ကိုပြောင်းလိုက်သည်။
"ရှင်က ဘာဖြစ်လို့ အဝေးကြီးမှာထိုင်နေတာလဲ..."
"ကိုယ် အေးနေလို့..."
ရာသီသည် ဆောင်းဦးရာသီသို့ ဝင်စပြုနေပြီဖြစ်သောကြောင့် ညဘက်ဆိုလျှင် အနည်းငယ် အေးနေပြီဖြစ်သည်။ ချူယင်းသည် ရေအေးအောက်၌ ဆယ်မိနစ်ခန့် ရပ်လာသောကြောင့် ထိုအချိန်၌ သူ့ခန္ဓာကိုယ်မှ အအေးဓာတ်များထွက်နေသကဲ့သို့ ရှိနေလေသည်။
စုယိကတော့ ဂရုမစိုက်ပဲ လက်ညှိုးကိုကွေးကာ ပြောလိုက်သည်။
"ဒီကိုလာခဲ့လေ...ကျွန်မ နွေးအောင်လုပ်ပေးမယ်..."
ချူယင်း၏လက်က ကြီးမားသောကြောင့် စုယိက လက်နှစ်ဖက်လုံးဖြင့် ကိုင်မှသာရသည်။
ညဘက်တွင် စုယိသည် ချူယင်း၏ကုတင်ပေါ်၌ တူတူအိပ်နိုင်ရန် အကြောင်းပြချက် ၄ ချက်ကြီးများတောင် စဉ်းစားလိုက်ရသည်။
စုယိသည် ရာသီလာနေစဉ်တွင် ခြေထောက်များသည် စောင်ခြုံ၍မရနိုင်အောင်ပင် အေးစက်နေတတ်သည်။ စုယိ၏နောက်ကျောသည် ချူယင်း၏ရင်ဘတ်နှင့်ကပ်နေ၍ စုယိ၏ခြေထောက်များက ရှေ့၌ ကိုးယို့ကားယားရှိနေကာ စုယိကတော့ ချူယင်းယူလာသော Ipad ဖြင့် Weibo ကိုကြည့်နေလေသည်။