အားလုံး ရွာကပြန်ရောက်ကြသည်နှင့် ခနအနားယူကြသည်။ စားကြသောက်ကြတာကအစ၊ ရေချိုးတာကအဆုံး ရွာကလူတွေက အကုန်ဧည့်ခံသည်မို့ ဒီနေ့တစ်နေ့စာတော့ သူတို့စရိတ်ဖူလုံသွားကြလေပြီ။ ခနနေရင် မှောင်ရီပျိုးပြီမို့ ဂစ်တာယူလာသူရယ်၊ သီချင်းဆိုမယ့်သူတွေရယ်နဲ့တကွ ဂိမ်းကစားကြမှာမို့ အကုန်လုံးက စုကာ ထိုင်နေကြလေပြီ။
သို့ပေမယ့် ပြဿနာတက်နေသည်က ရိန်းနဲ့ဆိုဖီယာပင်။ ဆိုဖီယာက မိန်းကလေးကိစ္စဖြစ်နေ၍ ရိန်းမှာ မနေသာ။ မိန်းကလေးသုံးပစ္စည်းယူမလာဘူးလားဟု မေးတော့လဲ မပါဘူး မေ့နေပါသည်တဲ့။ အခုတော့ သူ့မှာ ဟိုကောင်မလေးတွေဆီပဲ ပြေးပြီးချေးရတော့မလို ဖြစ်နေပြီ။
*နင်ဂာ ကိုယ့်ရက်ကို မမှတ်ထားဘူးလား*
*မှတ်ထားတာပေါ့..သူ့ဟာသူ ဖြစ်နေတာ။ ပြီးတော့ အရင်ကရက်က ၂၀ကျော်မှကြီးလေ။ အခုက အစောကြီးပဲကို*
*ချီးပဲ..ဘယ်လိုဖြစ်ဖြစ် နင်သယ်လာသင့်တာပဲလေ*
ရိန်း ဒေါသထွက်ထွက်နှင့် သူ့ညီမ၏ ခေါင်းကို ရိုက်လိုက်သည်။ မုန့်စားနေသည့် ဆိုဖီယာက ရှေ့ကို ငိုက်စိုက်ကျသွားပြီး သူ့အကိုကို မျက်စောင်းထိုးကာ ကြည့်လေသည်။
*ဘာကြည့်တာလဲ ပိတ်ကန်လိုက်မယ်*
*ပါးပါးကို ပြန်လာခေါ်ခိုင်းမယ်။ ကိုကိုနဲ့ အတူမနေတော့ဘူး.!*
ရှုံ့မဲ့ပြီး ရိန်း ရိုက်လိုက်သည့် ခေါင်းကိုပွတ်ကာ ပြောလာသည်။ ရိန်းက ခပ်တည်တည်နဲ့ပင်
*ပြန်ခေါ်ခိုင်း..သွား။ အရှုပ်ထုပ်မ.!*
*အဲ့လိုမပြောနဲ့ မီးမီးကို*
ဆိုဖီယာက ဒေါသထွက်လျှင်ဖြစ်ဖြစ်၊ အရမ်းရင်းနှီးတဲ့လူတွေဖြစ်ဖြစ် သူ့ကိုယ်သူ မီးမီးဟု သုံးတတ်၏။
*ပြောမှာဟာ.!*
အပြိုင်အဆိုင်အော်ကြရင်း ဆိုဖီယာက မုန့်ထုပ်ကို ပစ်ထားခဲ့ကာ အိပ်ယာပေါ်သွားအိပ်ပြီး စောင်ခေါင်းမြီးခြုံထားသည်။ ရိန်း ထိုအနားသွားကာ စောင်ကိုဆွဲချတော့ ဆိုဖီယာက ပြန်ဆွဲထားသည်။