အပိုင်း (၅)
"ပန်ဒါကြီး(နို့တိုက်သတ္တဝါ).. အသားစား တိရစ္ဆာန်၊ ယဉ်ပါးနာခံလွယ်သော စိတ်နေသဘောထား ..."
"ပန်ဒါကြီး ဟုတ်လား"
တံခါးဝရှိ ဆိုင်းပုဒ်တွင် ရေးထားသော နာမည်ကို ကြည့်နေရင်း ရွယ်ဟောင်ယွီက စိတ်ရှုပ်ထွေးသွားသည်။
ဒါက ဘာလဲ ဝက်ဝံလား၊ ကြောင်လား တစ်ခါမှ မကြားဖူးဘူး။
"ခေါင်းဆောင် အထဲကို ကြည့်ဦး"
အနောက်မှ တအံတဩအော်သံနှင့်အတူ ရွယ်ဟောင်ယွီက ခေါင်းကိုမော့လိုက်ကာ ပန်ဒါဥယာဉ်ထဲသို့ လှမ်းကြည့်လိုက်သည်။
သိပ်သည်းသော ဝါးတောအုပ်က ထူးခြားသည့် ဝါးရနံ့ကို မွှေးပျံ့စွာ ထုတ်လွှတ်နေသည်။ အထပ်ပေါင်းများစွာ မြင့်လောက်မည့် ကျောက်သားထပ် ထိပ်ပိုင်းတွင် အောက်သို့စီးကျနေသော သေးငယ်သည့် ရေတံခွန်လေးကိုလည်း မြင်ရသည်။ ဥယာဉ်ဝန်းကျင်အနှံ့ ကြည်လင်သော မြစ်ရေက ဝိုင်းထားသည်။ ပန်းခြံ၏ အလယ်နေရာတွင်လည်း ခါးလောက်နီးပါး တုတ်ခိုင်သော သစ်ပင်အချို့ ပေါက်ရောက်နေသည်။ ထို့အပြင်
"ဟစ်"
"မြန် မြန် မြန်ဝင်ပြီး ကြည့်ရအောင်"
အကြောင်းမူကား ကြီးမားသည့် သစ်သားဒန်းကြီးပေါ်တွင် ထူးဆန်းသော တိရစ္ဆာန်တစ်ကောင်က သူ၏လက်သည်းဖြင့် ဝါးချောင်းတစ်ချောင်းကို ကိုင်ရင်း ပျော်ရွှင်စွာ ကြိတ်ဝါးနေသော မြင်ကွင်းကို မြင်လိုက်ရခြင်း ဖြစ်သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
"ဘယ်လိုဖြစ်ပြီး ဒီလိုတိရစ္ဆာန်ရုံမှာ စားဖို့ကို လှုံ့ဆော်နိုင်တဲ့ အရာက ရှိနေရတာလဲ"
ရွှယ်ဟောင်ယွီက ဥယာဉ်၏ရှေ့ဆုံးတွင် ရပ်ပြီး မျှစ်ကိုသာ ဆက်တိုက်စားနေသည့် ထိုအကောင်ကို ကြည့်သည်။ တစ်ခဏခန့်ကြာအောင် သူ၏ဦးနှောက်က အောက်ဆီဂျင် ပြတ်လတ်သွားသလို ခံစားလိုက်ရသည်။
ဒါက တိရစ္ဆာန်အမျိုးအစားသစ်လား။
နောက်ပြီး သူတို့လုံးဝ မမြင်ဖူးတဲ့ ပုံစံမျိုးပါလား။