အပိုင်း(၁၇)
"ဟူး..."
ဆုပိုင်က ခရီးသွား နောက်ဆုံးတစ်သုတ်ကို ပြန်လည် လိုက်ပို့ပြီးနောက် မြေပြင်ပေါ်တွင်ထိုင်ချကာ အမောတကော အသက်ရှူလိုက်သည်။
သူ၏ဘေးဖက်တွင်လည်း တပိုင်က မြေပြင်ပေါ်တွင် လဲနေသည်။ သူ၏ လျှာကပင် ပါးစပ်ထဲမှ ထွက်နေသည်။ သူက အလွန်မောပန်းနေပုံ ပေါ်သည်။
"ဒီတိုင်း ဆက်သွားလို့တော့ မရဘူး"
ဆုပိုင်က ပက်လက်လှန် အိပ်လိုက်သည်။
သူ၏ခေါင်းကို ရွှေမြွေ၏ကိုယ်ပေါ် တင်ထားပြီး ရေရွတ်နေလိုက်သည်။
ဒီနေ့ ခရီးသွားဧည့်သည် နှစ်ရာထက်မနည်း လာခဲ့ကြသည်။ သူတို့ကအများကြီး ပင်ပန်းသွားရလေပြီ။ မနက်ဖြန် လူပိုများလာလျှင် သူတစ်ယောက်တည်း အားလုံးကို ကြိုဆိုဧည့်ခံနေ၍ မရတော့ပေ။
ပို၍ဆိုးသည်မှာ တိရိစ္တာန်ကနည်းသည်။ တပိုင်နှင့်ရှောင်ကျင်းကို မှီခိုရုံဆိုလျှင် အနှေးနှင့်အမြန် မောပန်းပြီး သေသွားပေလိမ့်မည်။
သို့သော် တပိုင်နှင့်ရှောင်ကျင်းတို့၏ ပုံစံအရ သူတို့က ကလေးများနှင့် ဆော့ကစားရခြင်းကို သဘောကြပုံပေါ်သည်။
တပိုင်ဆိုရင် ခွေးလိုပဲ။ ကလေးထက်တောင် ပိုပျော်နေသေးတယ်။
ထိုအကြောင်းကို တွေးပြီးသော် ဆုပိုင်က စနစ်၏ဇယားကို ခပ်မြန်မြန် စစ်ကြည့်လိုက်သည်။
ဒီနေ့တော့ အမှတ်တစ်သောင်းကျော် သွားလောက်မှာပါ။
ဒီလိုဆိုရင် အရင်ဆုံး မျောက်တိုကိုလဲရမယ်။ ဒါမှပဲ ဒီည အောင်အောင်မြင်မြင်နဲ့ ကယ်ဆယ်ပြီး မနက်ဖြန်ဆိုရင် ကစားစရာ တိရိစ္ဆာန်တွေ ပိုများသွားမှာ။
ဒါကအရေကြီးဆုံး ပြဿနာပဲ။
ထို့အပြင် ပို၍အရေကြီးသော ပြဿနာတစ်ခု ရှိနေသေးသည်။ တပိုင်က ဝါးမျှစ်များကို စား၍ရသည်။ ရွှေမြွေကမူ မစားနိုင်ချေ။ သူက အသားစားတိရိစ္ဆာန် ဖြစ်သည်။ ဈေးကွက်တွင်လည်း ဉာဏ်ရည်မြင့် နည်းပညာဖြင့် ဖန်တီးထားသော အသားအတုများ ရှိသည်။ သို့သော် ထိုကဲ့သို့သော အသားမျိုးက သူ၏ ခန္ဓာကိုယ်အတွက် မကောင်းချေ။ ထို့အပြင် မည်သည့်အာဟာရကိုမှလည်း ရရှိစေလိမ့်မည် မဟုတ်ချေ။