ကျန်းလီကတော့ ရှောင်ဒယ်ယင်က ဒါကိုတီးနိုင်တယ်ဆိုတာ သိတယ်။ သူကအရမ်းပြစ်ချက်မရှိ ပြည့်စုံချင်လွန်းတဲ့ လောဘကြီးသွားတာကြောင့် တီးတဲ့အခါနည်းနည်း ဆိုးသွားတာဖြစ်တယ်။ အဲဒါကြောင့်သူက တခြားသူတွေရှေ့မှာ မတီးချင်တာ သဘာဝကျပါတယ်။ ရှောင်ဒယ်ယင်က အဲ့သီချင်းကို တီးနိုင်ဖို့ နှစ်ပေါင်းများစွာ တိတ်တိတ်လေး လေ့ကျင့်လာခဲ့တာ ဖြစ်ပြီး အရင်က သူမနဲ့တောင် ဆွေးနွေးတိုင်ပင်ခဲ့ကြသေးတယ်။ ဒါပေမယ့် ရွှယ့်ဖန်းဖိန်းက သေသွားပြီဆိုတော့ ဒီကိစ္စတွေကို ဘယ်သူမှမသိကြတော့ဘူး။
ကျန်းယိုရောင်ရဲ့သံစဥ်က တကယ်ကို ငန်းရိုင်းတွေ ဟိုဟိုဒီဒီ ပျံသွားလိုက် ဆင်းလာလိုက်လုပ်နေတဲ့ အဲ့ဆောင်းဦးနေ့ရက်တွေကို ရောက်သွားသလိုပဲ လူတွေကို သံစဥ်ရဲ့အနှစ်သာရကို ဖြည်းဖြည်းချင်း ဖြည်ပြသွားတယ်။ အမှန်ကို ကောင်းကင်ပြာပြာနဲ့ ငန်းတွေက အရိပ်အရောင်တောင် မတွေ့ရတော့ဘဲ ပျံသန်းသွားကြတဲ့ မြင်ကွင်းကို မျက်လုံးထဲမြင်အောင် လုပ်သွားနိုင်တယ်။ အကဲဖြတ်တွေနေရာမှာ ရှောင်ဒယ်ယင်ရဲ့ အမူအရာက နည်းနည်းပြောင်းလဲသွားပြီး ကျင်းဟုန်နတ်မိမယ်က ကြိတ်ကျေနပ်နေတဲ့ ပုံနဲ့ ကျန်းယိုရောင်ရဲ့ တီးခတ်မှုကို ကြည့်နေတယ်။ အဲ့အချိန်မှာပဲ ဘေးက တစ်စုံတစ်ယောက်က ပြောတယ်။
"ကျင်းဟုန်နတ်မိမယ်က ဘယ်အချိန်က တပည့်တစ်ယောက်လက်ခံလိုက်တာလဲ?"
ထိုသူကတော့ မျန်ကျူပဲ...မျန်ကျူက အသက်၅၀အရွယ်ဆိုပေမယ့် အသက်၂၀အရွယ်လူငယ်လေးတစ်ယောက်လို တက်ကြွပြုံးရွှင်နေတာပဲ။ သူက အဖြူရောင်ချည်ကြမ်းအထည်ကို ဝတ်ထားပြီး လုံးဝ နန်းတွင်းဂီတပညာရှင်ပုံစံမပေါက်ဘူး။ သူအဲ့စကားတွေပြောတဲ့အချိန် သူ့လေသံထဲမှာ လှောင်ပြောင်ရိပ်တွေစွက်နေတာက လုံးဝ ကျင်းဟုန်နတ်မိမယ်ရဲ့ လုပ်ရပ်နဲ့ပက်သက်ပြီး အလိုမကျဘူးဆိုတာ ပြနေတယ်။ ကျင်းဟုန်က ဒါကိုကြားတော့ သူ့နားရွက်တွေက ရှက်ရွံ့မှုကြောင့် နီရဲသွားတယ်။ မျန်ကျူလိုပညာရှင်အနေနဲ့ ကျန်းယိုရောင်ရဲ့ တီးခတ်ပုံကို တစ်ချက်လောက်ကြည့်ရုံနဲ့တင် တပ်အပ်သိနိုင်တယ်ဆိုတာ ကျင်းဟုန်ကလည်း ခန့်မှန်းမိတယ်။ ဒါပေမယ့် ဒီလိုကြီး ပေါ်တင်ပြောပြီး အရှက်ခွဲလိမ့်မယ်လို့ မထင်ထားဘူး။ အဲ့လိုဆိုပေမယ့်လည်း သူကအိမ်ထောင်ရှင်မတောင် ဖြစ်သွားပြီဆိုတော့ အားလုံးက ပြောင်းလဲသွားပြီ။ သူမရဲ့ယောက်ျားက လက်ဖက်ခြောက် ကုန်သည်တစ်ဦးပဲမို့ သူတို့က အဲ့လောက် မချမ်းသာဘူး။ သူမက မျက်နှာတောင် မပြဝံ့တော့ပေမယ့်လည်း သူတို့စားဝတ်နေရေးအတွက် ထင်းတို့ဆန်တို့ ဝယ်ဖို့အတွက်ငွေက လိုသေးတယ်။ ကျီရှုးရန် ကမ်းလှမ်းတဲ့ ငွေပမာဏက သူတို့တစ်မိသားစုလုံး နှစ်အနည်းငယ်လောက်ထိုင်စားလို့ရတဲ့ ပမာဏမို့ သူမက မငြင်းဆန်နိုင်တော့ဘဲ ကျန်းယိုရောင်ကို အနီးကပ်သင်ပြပေးခဲ့တာ ဖြစ်တယ်။ ကံကောင်းချင်တော့ ကျန်းယိုရောင်က ပါရမီရှိတဲ့ ပျိုးပင်ပေါက်ကလေး ဖြစ်တယ်။ အရည်အချင်းမရှိတဲ့သူတွေကို သင်ပြပေးရတာထက် ဒီလို အလားအလာကောင်းတဲ့သူတွေကို မြေတောင်မြှောက်ပေးရတာက ပိုကောင်းတယ်။ အဲ့အချိန်မှာပဲ မျန်ကျူက ထပ်ပြောပြန်တယ်။ "ဒါပေမယ့် မင်းရဲ့ တပည့်လေးက တကယ်ဘာမှမတော်ဘူး"
YOU ARE READING
တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်း
Historical Fictionဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား ဖြစ်လာခဲ့ပြီးတော့ ယုံနင်းမင်းသမီးနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ကာ သူမကိုရော သူ့ကလေး(ကိ...