မိုးစက်သည် သူ့ကို ဘုရားလိုက်ပို့ပေးပြီး ကျေးလက်ဆိုင်လေးတွင် နေ့လည်စာအတူစားသည်။ ဆိုင်ရှင်က အကိုကြီး၏ ကျေးဇူးခံရှိဖူးသူဖြစ်လို့ မိမိလာစားသည်ကို အရမ်းဝမ်းသာကာ စကားလာပြောနေသည်။ မိုးစက်အား အကိုကြီးအကြောင်းမေးပြီး သူအခု ဘယ်လိုအဆင်ပြေနေသည်ကို ပြောပြနေသဖြင့် မိုးစက် စိတ်ပါလက်ပါ နားထောင်နေမိသည်။ အကို့ကို သတိရကာ တချက်တချက်လှမ်းကြည့်သော်လည်း သူက တောက်ပစွာပြုံးပြုံးကြည့် နေသဖြင့် မိုးစက် ထပ်မကြည့်ရဲတော့ပေ။ သူ မဟုတ်တာ တွေးနေသည်ဟု ထင်မိသည်။
တကယ်တော့ နှင်းထန်သည် ဆိုင်ရှင်ဦးလေးပြောသမျှကို စိတ်ပါလက်ပါ နားထောင်ပေးသော မိုးစက်၏ စိတ်လေးကို အရမ်းကို ချစ်နေမိခြင်းဖြစ်သည်။ တဖက်သားကို အလေးထားကြောင့် သူ့မျက်ဝန်းထဲတွင်ပေါ်နေသည်။ သြော် မိမိချစ်သူ မိုးစက်လေးသည် ရုပ်လေးတင်မက စိတ်ထားလေး အတော့ကို လှသူဖြစ်သည်။ ပြီးတော့ မိုးစက် ပြောလိုက်သည့် စကားများကို နားမလည်သော်လည်း ဆိုင်ရှင်ကြီးအရမ်းကျေနပ်သွားသည်ကို ကြည့်ရင်း မိုးစက် ပေါင်းသင်းဆက်ဆံရေး အရမ်းကို ကျွမ်းကျင်နေသည်ကို သတိပြုမိသည်။ တဖက်သားကို ဘယ်လိုပြန်ပြောရမည်ကို သိနေသည်။
မိုးစက်ကို ကြည့်ရင်း စနေ့ကို ပြန်သတိရလာသည်။ ဟုတ်သည်။ မိုးစက်၏ အမူအယာ၊ ပြောပုံဆိုပုံများက စနေနှင့် တူလာသည် မဟုတ်လား။ တည်ငြိမ်သည်။ သို့သော် ဖော်ရွေသည်။ သိမ်မွေ့သည်။ သို့သော်ပြတ်သားသည်။
"မိုးစက်လေး.... မင်းကို ကိုယ့်အချစ်နဲ့ အရင်လို ပြန်ဖြစ်စေရမယ်..."
နှင်းထန် အသံတိတ်ကြမ်းရင်း မနက်က ချစ်ပွဲနွဲခဲ့ရသည်ကို ပြန်တွေးကာ ကြည်နူးနေမိသည်။ ရန်ကုန်သို့မရောက် မချင်း မိမိကို ထိခွင့်မပေးသည့် မိုးစက်ကို မိမိရအောင်ပြန်ယူနိင်ခဲ့သည် မဟုတ်လား။ သို့သော် မိုးစက်လေး မိမိကို ငြင်းနေသည်ကိုတော့ သိပ်သဘောမကျမိပေ။ တကယ်ဆိုလျှင် မိမိနှင့်မိုးစက်က လင်မယားတွေ မဟုတ်လား။ ဘယ်လောက်ပဲ ဝေးနေပါစေ သူ မိမိကို ဒီလောက်အသည်းအသန်ငြင်းစရာ အကြောင်းမရှိပေ။ ဘာလဲ ကိုယ်က စနေ့ မယားကို သူခရီးသွားတုန်းကြာခိုနေတာမို့လားဟု တွေးကာ စိတ်နည်းနည်းတိုစပြုလာသည်။
![](https://img.wattpad.com/cover/111101007-288-k839015.jpg)