အချစ်စစ်၏တည်နေရာ Season (4)အပိုင်း - 23

2.7K 149 1
                                    

အချစ်စစ်၏တည်နေရာ Season (4)
အပိုင်း - 23

"ဟေ့ကောင် အတုလ...မင်း ..."
အတုလက ၀သုန်၏ အလန့်တကြားသံကြောင့်လန့်သွားပြီး မေးလို်က်သည်။

"ဘာဖြစ်လို့လဲကွ..."

"မင်း မျက်လုံးတွေ အရမ်းလှတာပဲကွ.... ဘာလို့ မျက်ကပ်မှန်မတပ်တာလဲ.."
ထိုအခါမှ အတုလ ရယ်ကာ ဘီယာဘူးကိုဖောက်သောက်ရင်းပြောလိုက်သည်။

"ဘာများလည်းလို့ကွာ။ မင်း တကယ်နောက်တာပဲ။ ငါ့မှာ ဘာများလဲလို့ လန့်သွားတာ..ဟိုမှာ တပ်တယ်။ ဒီက ပူလည်းပူ။ ဖုန်လည်း များလို့ မျက်လုံးယားတာနဲ့ မျက်မှန်ပဲ ပြန်တပ်ထားတာ..."

"၀ိုး... မင်း မျက်ကပ်မှန်နဲ့ဆို အသေလန်းမှာပဲ။ "

"မလန်းပါဘူး။ ဒီလိုပါပဲ.."
ဝသုန်က အတုလ၏ မျက်နှာကို စေ့စေ့ကြည့်ကာ ပြောလိုက်သည်။

"မင်း တကယ့်ကို ချောတယ် အတုလ။ ချောတာထက် မင်းမျက်လုံး အရမ်းကို စားတယ်ကွ။ မင်း အကြည့်ကို ခံလိုက်ရရင် ဘယ်သူမှ ခံနိုင်မှာ မဟုတ်ဘူး။ "
အတုလ ပြုံးကာ မေးလိုက်သည်။

"ဟုတ်လား။ မင်းက မြှောက်လွန်းနေပြီ။"

"ငါမြှောက်တာ မဟုတ်ဘူး။ ဒါနဲ့ ကိုစစ်မင်းနဲ့ မင်းကလပ်မှာ တွေ့တော့ မင်း မျက်မှန်တပ်ထားတာလား ။ မျက်ကပ်မှန်နဲ့လား။"

"ညဆိုတော့ မျက်ကပ်မှန်တပ်ထားတာ..."

"သြော် ဒါကြောင့်ကိုး..."
ဝသုန်ပြောချင်သည်ကို အတုလ နားလည်လိုက်သည်။ သို့သော် တဖက်သား၏ ခံစားချက်ကို မိမိမဆွေးနွေးချင်ပါ။ ထို့ကြောင့် နူတ်ဆိတ်နေလိုက်သည်။
ဝသုန်သည် အေးစက်သော အတုလကို ကြည့်ကာ မချင့်မရဲဖြစ်မိသည်။ သို့သော် သူမမေးပဲ မိမိက ကိုစစ်မင်း အကြောင်းပြောလျှင် တမျိုးထင်မည် စိုးသဖြင့် နူတ်ဆိတ်နေပြီး ဘီယာသောက်နေလိုက်သည်။
"ငါပြန်တော့မယ်..."

"စောသေးတာပဲ။ "

"မင်း လုပ်စရာရှိသေးတယ် မဟုတ်လား။"

"အေး ဟုတ်သားပဲ။ အိုကေ။ ဂွတ်နိုက် ၀သုန်၊ ငါ့ကို လိုက်ပို့ပေးတာရော၊အခန်း ကူရှင်းပေးတာရော ကျေးဇူး။ မင်းကို ငါ့ လက်ရာ လာချက်ကျွေးမယ်။"

"တကယ်လား။ မင်းက ချက်တတ်လို့လား။"

"အထင် စမောတာကွာ။ ငါက သင်တန်းတက်ထားတာပါကွ။ တနေ့ သုံးယောက်ဆုံကြတာပေါ့။"

ဝသုန် နှစ်ခြိုက်စွာပြုံးကာ ပြန်လာခဲ့သည်။ အတုလက သူ့ကားကို ပြင်ဆိုင်ပို့ထားပြီး တက်ဆီနှင့် ပါတီကို လာသဖြင့် မိမိ လိုက်ပို့ခွင့်ရလိုက်ခြင်းဖြစ်သည်။ ဒါလည်း တမျိုးကောင်းသည် ဟု တွေးလိုကိမိသည်။
စောမြ၀တီသည် သားလေးအတွက် ဆရာဝန်ကြီးနှင့် ဆွေးနွေးပြီးသည့်နောက် အားပျော့သွားခဲ့သည်။ နှင်းထန်သည် ၀တီ့ကို ကြည့်လိုက်တော့ တကယ့်ကို ထိခိုက်ကြေကွဲနေသည်ကိုတွေ့တော့ စိတ်မကောင်းဖြစ်သွားပြီး အသာတွဲကာ ခေါ်ခဲ့သည်။

စောမြ၀တီသည် မငိုမိအောင်ထိန်းသော်လည်း ၀မ်းနည်းစိတ်က လှိုက်လှိုက်လို့လာခဲ့သည်။ ကံဆိုးမသွားလေရာ မိုးလိုက်လို့ ရွာဆိုပါလား။ မှန်နေသည်။တကယ့်ကိုမှန်နေသည်။

ပထမ အချစ်ဦးကိုကို့ကို ဆုံးရှုံးရသည်။ နောက်တော့ မိသားစု သုံးယောက်ထဲမှ ဒယ်ဒီဆုံးသည်။ နောက်မကြာခင် မာမီ ဆုံးသည်။ ဒယ်ဒီနှင့် မာမီ မဆုံးခင် ကိုကို့မေမေ ကြီးကြီးဆုံးသည်။ မိမိကို ချစ်ခင်စောင့်ရှောက်သောသူ မည်သူ ရှိပါဦးမည်နည်း။ နောက် မိမိလက်ထပ်ထားသည့် ခင်ပွန်းက ချစ်သူအသစ်ရှိလို့ မိမိကို ကွာရှင်းသည်။ မခံချင်စိတ်၊ မုန်းတီးစိတ်နှင့် စောမြ၀တီ ရှေ့ဆက်လှမ်းခဲ့သည်။

ရသည်။ ခင်ပွန်းကိုကွာခဲ့သော်လည်း မိမိတွင် သွေးသားရင်း ရင်သွေးလေးတစ်ဦးရှိသေးသည်ဆိုပြီး လောကကြီး ကိုတောင် စိန်ခေါ်ခဲ့သေးသည်။ နောက် မိမိချစ်ခဲ့သော၊ ချစ်နေဆဲဖြစ်သော ကိုကိုကြောင့် မိမိရင်သွေးဆုံးရှုံးသွားခဲ့ သည်။ ၀တီသည့် ပထမကြုံသည့် အခက်ခဲကို အရင်းတည်ကာ မိုးစက်နှင့် ကိုကို့ကြားတွင် ပထမဆုံး ကြားဝင် နိုင်ရန် ကြိုးစားခဲ့သည်။

ဆုံးရှုံးသွားသော ရင်သွေးအတွက် အစားရရန် ကိုကို့ကို ဖိအားပေးခဲ့သည်။ ကလေးလည်း တကယ့်ကို အစားပြန်လိုချင်ခဲ့သည်။ ပထမဆုံး မိမိချစ်သော ကိုကို့ရင်သွေးကို မွေးပေးချင်သည်။ ကိုကို့ ဒယ်ဒီ ဦးမင်းထန် ကလည်း မိမိဘက်မှ ထောက်ခံအားပေးသည်။ ဦးကြီးဖြစ်သူကြောင့် လုပ်ငန်းမှ ငွေကြပ်ကာ ဆက်တိုက် ရပ်ပစ် ရမည့် အခြေနေကို အခွင့်ကောင်းယူပြီး စောမြ၀တီ ကိုကို့ကို အကြပ်ကိုင်နိုင်ခဲ့သည်။

ပြီးတော့ ကိုရန်နို်င်၏အကူညီလည်းပါသည်။ မိုးစက်နှင့်လည်း ခြိမ်းခြောက်ခဲ့သည်။ ကိုကိုက သူ့လုပ်ငန်းပြိုလဲမည်ကို ဂရုမစိုက်ခဲ့သော်လည်း သူ့ချစ်သူ မိုးစက် အတွက် မိမိတောင်းဆိုချက်ကိုလိုက်လျောခဲ့သည်။

မိုးစက် ထွက်သွားသည်။ စောမြ၀တီ ပျော်ခဲ့သော်လည်း မွေးလာသည့်သားလေးက ကိုကို့ကို မဆွဲဆောင်နိုင်ခဲ့ပါ။ ကိုကို က သားလေးကို မချစ်သောအခါ ၀တီသည် မိခင်တစ်ယောက်အနေဖြင့် ရင်ကွဲရသည်။

နှစ်နှစ်တိတိ ကိုကို့ထံမှ အချစ်ကို သူတောင်းစားမလေးလို တောင်းခံခဲ့သော်လည်း မရခဲ့ပါ။ သားလေးပင် ဖခင်ရင်း၏ ပစ်ပယ်မှုကို ရလာသောအခါ စောမြ၀တီ ဆုံးဖြတ်လိုက်သည်။

မိုးစက်ထံ သွားတောင်းပန်သည်။ ၀သုန့်အကူညီနှင့် ကိုကို့ကို မိုးစက်ပြန်လက်ခံရာစေရန် သွားပြီး တောင်းဆိုနိုင်ခဲ့သည်။ စောမြ၀တီ ကိုကို့ကို နူတ်ဆက်ကာ ပြင်သစ်ကို ပြန်လာခဲ့သည်။

ချစ်သော ကိုကို့ကို လက်လွှတ်လိုက်ရသော်လည်း မိမိထံတွင် ကိုကို့သွေးသား မိမိအတွက် သားလေး တစ်ယောက်ရှိနေပြီ မဟုတ်လား။ မိမိအထီးမကျန်ပါ။ ဘ၀ကို တတ်နိုင်သလောက် အကောင်းမြင်ကြည့်ရန် ကြိုးစားခဲ့သည်။ ကံတရားက မိမိကိုရိုက်ချလိုက်ပြန်သည်။ သားလေးကို အရေးပေါ်ခွဲစိတ်လိုက်ရသည်။
သားလေးက အခုမှ ၂ နှစ် ပြည့်ပြီးကာစ။ ငယ်ငယ်လေး။ ဆေးရုံတွင် ခွဲစိတ်ခန်းထဲ သွင်းလိုက်ရစဉ် သားလေး ပြန်ထွက်မလာနိုင်မှာကို စောမြ၀တီ ကြောက်လန့်သွားမိသည်။ သားလေးသာ တခုခုဖြစ်သွားရင်ဆိုသည့် အတွေးက ၀တီ့ကို ရူးမတတ်ခံစားရစေသည်။

မခံစားနိုင်ပါ။ တကယ့်ကို ဆက်လက်မခံစားနိုင်တော့ပါ။ ဒီကလေးသာ ဆုံးရှုံးရလျှင် ၀တီ့ရင်သွေး ၃ ယောက်ဆုံးရှုံးပြီး ဖြစ်တော့မည်။ မိခင်တစ်ယောက်အနေနှင့် အထီးကျန်မိခင်အနေနှင့် မိမိ ဒီဒဏ်တွေကို ခံနိုင်မည် မထင်ပါ။

နှင်းထန်သည် ဆရာဝန်ကြီးရုံးခန်းမှ ထွက်လာပြီးနောက် စောမြ၀တီ အ၇မ်းကို ထိတ်လန့်သွားသည်ကိုတွေ့တော့ သနားသွားမိသည်။ မိမိလည်းစိုးရိမ်ပါသည်။ သားလေးကို ယခု ခွဲစိတ်ထားသော်လည်း သားလေး၏ အူလမ်းကြောင်း က မွေးရာပါ အားနည်းသည်။ နည်းနည်ကြီးလာရင် ထပ်ဖြစ်နိုင်သည်။ ထပ်ပြီး ခွဲစိတ်တာတွေကို လုပ်ရနိုင်သည်ဟု ပြောခဲ့သည်။ မိမိလည်း စိတ်မကောင်းပါ။

ကလေးလေး ဘ၀တလျှောက်လုံး ခွဲစိတ်ခန်း အကြိမ်ကြိမ် ၀င်ရနိုင်သည်။ သို့သော် အဆိုးဆုံးကို မျှော်လင့်ပီး အကောင်းဆုံးကို ပြင်ဆင်ထားရမည်။ မိမိလည်းစိတ်မကောင်းပေမယ့် စောမြ၀တီ ကြောင့် စိတ်ကို တင်းထားရသည်။ မိမိက ပြိုလဲပြလျှင် သူမ ပိုပြီး လဲသွားလိမ့်မည်။ သူမက မိခင်ဆိုတော့ ပိုခံစား၇မည်ကို နားလည်သည်။ မိမိသာဖြစ်လျှင် မေမေလည်း ဒီလိုခံစားရမှာ သေချာသည်။ မိခင်ကို ချစ်သော သားဖြစ်လို့ နှင်းထန် ၀တီ့ကို နားလည်ပေးနိုင်ခြင်းဖြစ်သည်။

"ကိုကို...."

ဝတီ အားကိုးရာမဲ့စွာဖြင့် နှင်းထန်ကို မော့ကြည့်လိုက်မိသည်။

နှင်းထန်သည် စောမြ၀တီကို ရင်ခွင်ထဲ တင်းနေအောင်ဖက်ထားပြီး ဆံပင်လေးကို သပ်တင်ပေးကာ ပြောလိုက်သည်။

"၀တီ ကိုကိုရှိတယ်လေ။ ကိုကို အနားမှာရှိပါတယ်။ ပြီးတော့ သားလေးကို နတ်ကောင်းနတ်မြတ်တွေ စောင့်ရှောက် မှာပါ။ အရမ်းကြိး စိတ်မပူပါနဲ့။ ဆေးပညာက တနေ့တခြားတိုးတက်နေတာ။ သားလေး နောက်တခါ ခွဲစိတ်ရင် ဆေးဝါးကောင်းတွေ ပေါ်ပြီး တစ်ခါတည်း ပျောက်ချင်ပျောက်သွားမှာပါ။ မျှော်လင့်ချက်ထားပါ။ ၀တီက သားလေးအတွက် ကြံ့ခိုင်ရမယ်လေ။ မိခင်ဆိုတာ သူ့ရင်သွေးအတွက် အကြံ့ခိုင်ဆုံးပဲ။"

စောမြ၀တီနားလည်ပါသည်။ ကိုကိုပြောတာ အားလုံးသိသည်။ မိမိမကြံ့ခိုင်လျှင် ကိုကို့ကို လက်လွှတ်ပေးဖို့ ဘယ်လုပ်ရဲ့မလဲဟု ရင်ထဲမှ တိုးတိုးပြောလိုက်မိသည်။

"၀တီလေ ဖြစ်နိုင်ရင် သားလေးအစားခံစား လိုက်ချင်တယ်၊ သားလေးက အရမ်းငယ်သေးတယ်။ ဒီလို ခံစားနေရတာကို မကြည့်ရက်ဘူး။"

နှင်းထန်သည် ၀တီ့ကို ပြုံးကြည့်ကာ အားပေးသည်။

"မိခင်တိုင်းရဲ့ စေတနာပါ။ကိုကို လေးစားပါတယ်။ ဒါပေမယ့် လက်တွေ့ ကျကျပဲ ဆက်လုပ်ကြတာပေါ့။ အခု ကိုယ်တို့ ကမိဘတွေဖြစ်ပေမယ့် ၀င်ခံစားပေးလို့မရဘူးလေ.... ကဲ ...သားလေး ဆေးရုံဆင်းလာရင် အိမ်မှာ စနစ်တကျ ပြုစုပေးဖို့ အခန်းကိုလည်း ပြင်ဆင်ရအုံးမယ်။ ပြီးရင် သူနာပြုလည်း ဌားရမယ.်။ အိမ်အကူလည်း ဌားရမယ်။ ဒါတွေ ကို လုပ်ရဦးမယ်။ လောလောဆည် ၀တီလည်း အရမ်းပိန်တယ်။ အစားကောင်းကောင်း သွားစားရအောင်...."

ဝတီသည် ကိုကို ခေါ်ဆောင်ရာသို့ လိုက်ပါလာခဲ့သည်။ တော်သေးသည်။ မိမိက ခံစားချက်ထဲ နစ်နေပြီး ဘာမှ မစီစဉ် နိုင်ခဲ့ပေ။ ကိုကို က အားလုံးကို စီစဉ်ပေးခဲ့သည်။ ကိုကိုသာ မရှိရင် ၀တီ ဒါတွေကို ကျော်ဖြတ်နိုင်ဖို့ မသေချာပေ။

ထိုည ကိုကို ဆေးရုံတွင် စောင့်ပေးသည်။ မိမိကို အတင်းအိမ်ပြန်အိပ်ခိုင်းသည်။ ၀တီ မသွားချင်ပေ။ ကိုကိုရှီသည့် အနားတွင် နေချင်နေမိသည်။ ကိုကို့နားတွင်နေ၇တာ အားရှိသည်။ အိမ်ကြီးက မိမိကို ခြောက်ခြားစေသည်။ မိသားစုဝင် တစ်ယောက်မှ မရှိသည့် အိမ်ကြီးက မိမိကို ခြောက်အိပ်မက်တွေကို မက်စေသည်။ သို့သော် ကိုကို တိုက်တွန်းသဖြင့် ၀တီ အိမ်ပြန်လာပြီး အိပ်ဆေးသောက်ကာ အိပ်လိုက်သည်။

သားလေးသာ မတော် တဆ တိမ်းပါးသွားလျှင် မိမိတစ်ယောက်တည်းကျန်ခဲ့တော့မည်ကို ကြောက်နေမိသည်။ တကယ်လို့သာ နောက်ထပ် ရင်သွေးလေးရှိခဲ့လျှင်....

မိုးစက်သည် အလုပ်ကို လာတော့ တက်ကြွနေသည်။ အကိုကြီးအတွက် နောက်ထပ် မိန်းကလေးနှင့် စပ်ပေး ရမည်လေ။ ညက အကိုနှင်းထန်နှင့်လည်း ဖုန်းပြောဖြစ်သည်။ ကလေးလေး အကြောင်းကို ကြားကာ မိုးစက် တကယ့်ကို ရင်နာမိသည်။ ထို့ကြောင့် အကို့ကို လိုအပ်တာ လုပ်ပေးဖို့ မိမိက ပြန်ဖျောင့်ဖြပေးခဲ့သည်။

အကိုနှင်းထန်က သူကလွဲရင် ဥိးဆောင်လုပ်ပေးမည့်သူ မရှိသဖြင့် လုပ်ပေးရမည်ကို သိသည်။ မိမိ အထင်လွဲမည်ကိုလည်း စိုးနေသည်။ ထို့ကြောင့် မိမိကို ရှင်းပြနေခြင်းဖြစ်သည်။

"အကိုရယ် အကိုသာ လက်လွှတ်စမယ် ထားပြီး ပြန်လာမိရင် အကို့ကို ကျွန်တော် အထင်သေးမိမှာ သိလား။ အခု အကိုက ဖခင်တစ်ယောက်အနေနဲ့ကော၊ ပြီးတော့် ၀တီ့အကိုအနေနဲ့ကော အားပေးရမယ်။ လိုအပ်တာကို စီစဉ်ပေးရ မယ်လေ။ ရပါတယ်။ အကို့ကို ကျွန်တော် ပိုချစ်သွားမိပြီ သိလား။"

"ကျေးဇူး မိုးစက်လေး..."

အကိုနှင်းထန်ပြောသည်ကို မိုးစက် သဘောကျစွာရယ်မောခဲ့သည်။ တကယ်လည်းအကို့ကို ချစ်သည်။ အကို့စိတ်ထား လေးကို ချစ်သည်။ ကူညီတတ်သော အကိုနှင်းထန်ကို ချစ်သည်။ မိုးစက်ထိုည စိတ်လက်ပေါ့ပါးစွာ အိပ်ပျော်သွားခဲ့သည်။

အလုပ်ကို လာတော့ ၀သုန့်ကို အတင်းအပူကပ်ပြီး စူးရှမာန် ဆိုသည့် အဆိုတော်လှလှလေးကို ချိတ်ခိုင်းသည်။
ဝသုန်က မိုးစက်ကို လက်သီးထောင်ပြကာ ညီမလို ခင်နေသည် မာန်ကို ဖုန်းဆက်ကာ ဇာတ်လမ်းဆင်ပြီး ညစာ အတူစားရန် ဖိတ်လိုက်သည်။

"မာန်လေး... အကိုဝသုန်ပါ.."

"ဟယ် အကိုဝသုန်၊ ညီမ ထီထိုးရတော့မယ်။ ထူးထူးဆန်းဆန်း ဖုန်းဆက်လို့..."

မာန်က ရင်းနှီးစွာပြန်ပြောလာခဲ့သည်။

"အာ... မာန်ကလည်းကွာ။ အကိုက မာန့်ကို သတိရပါတယ်။ မအားလို့ပါ။ အခု မာန့်ကို အကို ညစာလိုက်ကျွေး ချင်လို့ ။ အကို့သူငယ်ချင်းတွေနဲ့ လည်း မိတ်ဆက်ပေးချင်တယ်..."

"ဒါရိုက်တာ အတုလ ပါမလားဟင်..."

မာန် စိတ်အားတက်ကြွစွာ မေးလိုက်သည်။ အတုလ တော်သည်ကို သိသည်။ အတုလနှင့်တွေ့ချင်သည်။ ထို့ကြောင့် မေးလိုက်သည်။

"ပါတာပေါ့ကွ...မာန် အားလား။ ဘယ်နေ့အားလဲ။"

"ရတယ် အကို ၀သုန်၊ အကိုအားတဲ့ရက်ပြောလိုက်။ မာန် အားတယ်။"

မာန်က အလုပ်များကို ဆိုင်းကာ သွားရန်ဆုံးဖြတ်ထားပြီးဖြစ်သည်။ အတုလနှင့်တွေ့ဖို့ မာန့်အတွက် ပိုအရေးကြီးသည် မဟုတ်လား။

ဝသုန်က မနက်ဖြန်ညနေကို ချိန်းလိုက်သည်။ မာန် ကျေနပ်စွာပြုံးကာ ဖုန်းချသွားသည်။ မိမိကိုရှောင်ပြေးနေသော အတုလကို မိမိ ယခုတွေ့ရတော့မည်ဖြစ်လို့ စိတ်လှုပ်ရှားနေမိသည်။ ထို့ကြောင့် အလှပြင်ဆိုင်ကို သွားကာ ချက်ချင်းလိုအပ်သည်ကို လုပ်ရန်ဆုံးဖြတ်လိုက်သည်။

မိုးစက်သည် သူငယ်ချင်းဝသုန် ဖုန်းချသွားတော့ အားကိုးတကြီးမေးလိုက်သည်။

"အိုကေတယ်။ မနက်ဖြန်ညနေ 6 နာရီ။"

မိုးစက်က ၀သုန့်ကို ချစ်စနိုးနှင့် လက်မောင်းကို လက်သီးနှင့်ထိုးကာ ပြောလိုက်သည်။

"အား... သိပ်ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းကြီး..."

ဝသုန်က မိုးစက်ကို ကြည့်ကာ ပြောလိုက်သည်။

"တခုတော့ရှိတယ်။ သူက အတုလကို သိတယ်။ အတုလ ပါမယ်လို့ပြောလို့လာတာ...."

မိုးစက် တွေဝေသွားသည်။ မာန်က အတုလနှင့် ဘယ်လိုသိတာလဲ။ ဒါဆို အတုလကို မိမိခေါ်မှ ရတော့မည်။ မိုးစက် ခေါင်းငြိမ့်လိုက်သည်။

"ရတယ်။ အတုလကော၊ မင်းကော၊ အကိုကြီးနဲ့ မတွေ့ရသေးဘူး။ မာန်လည်း သံသယ မ၀င်အောင် အားလုံးအတူ ညစာစားကြတာပေါ့။ မာန်ကို နောက်ရက် ထပ်ချိတ်ဖို့ ငါကြိုးစားလိုက်မယ်။ လုပ်လိုက်။"

"ငါက ဘာလို့ လိုက်ရမှာလဲ။ "

ဝသုန်က ရှုံ့မဲ့ကာ ပြောလိုက်သည်။

"မင်းပဲ ပြောတယ်။ မင်းလိုက်ကျွေးတယ် ပြောပြီး မင်းမပါလို့ရမလား။ ငါ အကိုကြီးကိုလှမ်းချိတ်လိုက်မယ်။ အတုလကို မင်းခေါ်လိုက်တော့..."

မိုးစက်ပြောပြီး အကိုကြီးဆီကို ချက်ချင်းဖုန်းခေါ်လိုက်သည်။ အကိုကြီးကို ရအောင်ခေါ်ရမည်။ မာန်နှင့် မိတ်ဆက်ပေးနိုင်ရမည်။

အချစ်စစ်၏ တည်နေရာWhere stories live. Discover now