အချစ်စစ်၏ တည်နေရာSeason (4)အပိုင်း(26) -ဒုတိယပိုင်း

3K 179 10
                                    

အချစ်စစ်၏ တည်နေရာ

Season (4)

အပိုင်း(26) -ဒုတိယပိုင်း

အကိုကြီး၏ မျက်နှာကို မိုးစက် အကဲခတ်နေသည်။ အကိုကြီးက ခါတိုင်းထက်ကို ပေါ့ပါးနေသလိုပင်။ သက်တောင့် သက်သာဖြင့် အပန်းဖြေရန် လာသူတစ်ဦးလိုဖြစ်နေသည်။ ဒါက ထူးဆန်းနေသည်။ မိမိသိထားသော စနေ ဆိုသည့် လူသည် အမြဲ ခေါင်းထဲတွင် အလုပ်များကို စီမံကိန်းချကာလုပ်နေသော သူဖြစ်သည်။ ယခုတော့....

ကမာ သက်ပြင်းချလိုက်သည်။ အကိုကြီးကို မေးသော်လည်း သူ့ဆီက အမှန်တရားကို ဘယ်တော့မှ ရမည် မဟုတ်သည်ကို သိနေသည်။

စနေထွဋ်ခေါင်သည် စားရင်း သက်ပြင်းလေးချနေသည့် မိုးစက်ကို ငေးကြည့်ကာ ပြုံးလိုက်သည်။ အင်မတန်ကို သိတတ်သည့် ညီလေးက မိိမိကို သံသယ၀င်နေမည်ကို သိသည်။ ဘာကြောင့်လည်းဆိုတော့ မိိမိ၏ အရင်နေထိုင်ပုံနှင့် ဆန့်ကျင်ဘက်ကို ပြောင်းလိုက်သောကြောင့်ဖြစ်သည်။

"မိုးစက်လေး သက်ပြင်းသိပ်မချနဲ့။ အသက်တိုလိမ့်မယ်... အကိုကြီးက မင်းကို လိမ်ပါ့မလား။"


"မလိမ်ပါဘူး။ အမှန်ကို မပြောတာပဲရှိတာပါ။"

မိုးစက်ပြောတာလည်း မှန်နေသဖြင့် စနေ သဘောကျစွာရယ်လိုက်မိသည်။ မိုးစက်သည် အကိုကြီး ဟက်ဟက်ပက်ပက် ရယ်သောပုံကို ငေးကြည့်နေမိသည်။ အကိုကြီးရယ်လိုက်လျှင် အင်မတန်ကို နုပျိုသည့် ပုံ ပေါက်သွားသည်ကို မိမိမသိခဲ့ပေ။


"ဟေး ကိုယ့် မျက်နှာကို ငေးရလှချည်လားကွ။ ဘာလဲ။ အကိုကြီး ပိုချောလာလို့လား...."

စနေက မိုးစက်ကို ပြုံးစစနှင့် စလိုက်သည်။ မိုးစက်က ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။


"ဟုတ်တယ်၊ အကိုကြီးက သိပ်ကိုချောလို့ပါ။"

စနေသည် မိုးစက်၏ မျက်နှာကို ပြုံးကြည့်ကာ ပြောလိုက်သည်။ မျက်လုံးက အဝေးကို ငေးနေလိုက်သည်။


"အင်း... မိုးစက်က အကိုကြီးကို ချစ်တဲ့ မျက်လုံးနဲ့ ကြည့်လို့ကိုး။ ချစ်ရင် အကျိုး၊ မုန်းရင် အပြစ်တဲ့။ ချစ်တဲ့သူဆိုရင် သူ့ရုပ်က ချောတယ်။ သူ့လုပ်ရပ်တိုင်းက ကိုယ့်အတွက် ကျေနပ်စရာပဲလေ။ မချစ်တဲ့သူဆိုရင် သူ ဘာလုပ်လုပ် အပြစ် မြင်တယ်။ သူ့အပြုံးက ကိုယ့်ကို လှောင်နေသလိုခံစားရတယ်။ နောက်ဆုံး သူ့အချစ်တောင် မုန်းစရာဖြစ်နေ တတ်တာ လူတွေရဲ့ သဘာဝပါ။"

အချစ်စစ်၏ တည်နေရာWhere stories live. Discover now