အချစ်စစ်၏ တည်နေရာSeason (4)အပိုင်း(23) -ဒုတိယပိုင်း

2.7K 164 1
                                    

အချစ်စစ်၏ တည်နေရာ
Season (4)
အပိုင်း(23) -ဒုတိယပိုင်း

အတုလသည် ၀သုန်ခေါ်သဖြင့် ညနေအလုပ်မှ စားသောက်ဆိုင်ကို တန်းလာခဲ့သည်။ ၀သုန်ကလည်း အခြား ကြေငြာရိုက်သည့် နေရာမှ တန်းလာမည်ဖြစ်သည်။ မိုးစက်ကလည်း အလုပ်နှင့် အခြားကို သွားနေသည်။ သူသည်လည်း တန်းလာခဲ့မည်ဖြစ်သည်။

ချိန်းထားသည့်နေရာကို ရောက်တော့ ဒယ်ဒီ့ကိုမြင်လိုက်တော့ အံ့သြသွားသည်။ ဒယ်ဒီလည်း သူ့ဖာသာ ချိန်းထားတာ ရှိသဖြင့် တိုက်ဆိုင်သည်ဟု ထင်ပြီး သွားနူတ်ဆက်လိုက်သည်။

"ဒယ်ဒီ..."

စနေထွဋ်ခေါင်က အဝေးကို ငေးနေရာမှ အတုလခေါ်သံကြောင့် လှည့်ကြည့်လာခဲ့သည်။

"အတုလ... မင်း ဒီကို ဘယ်လိုရောက်နေတာလဲ။ ညစာ လာစားတာလား။"

"ဒယ်ဒီကရော...အလုပ်နဲ့ ချိန်းထားတာလား.."

စနေသည် မိမိကို ပြန်မေးနေသည့် သားကို ကြည့်ကာ ဖြေလိုက်သည်။ စိတ်ထဲကတော့ တခုခုကို သိနေသလိုပင်.။

"မိုးစက်နဲ့ ချိန်းထားတာ။ မင်းရော... မိုးစက်ခေါ်ထားတာပဲလား...."

အတုလသည် ဒယ်ဒီ့ရှေ့တွင် ၀င်ထိုင်ကာ ဖြေလိုက်သည်။

"ဟုတ်ကဲ့။ ၀သုန်နဲ့ မိုးစက်က အတူ ညစာစားရအောင်လို့ ခေါ်ထားလို့လာခဲ့တာ။"

စနေသည် ပြုံးလိုက်ကာ မေးလိုက်သည်။ အတုလ ကြည့်ရတ စိတ်ရှုပ်နေပုံရသည်။ မိမိနှင့် မိုးစက်၏ ဆက်ဆံရေးကို မေးလည်း မေးချင်၊ မေးလည်း မမေးရဲသည့်ပုံပေါက်နေသည်။ ပထွေးဆိုသော်လည်း အတုလက မိမိကို ဦးလေးတစ်ယောက်လို ခင်တွယ်သည်။ မိမိကလည်း ကျေးဇူးရှင် အကိုလေး ခွန်မင်းဆက်၏ သားလေးကို တူသားလို ချစ်သည်။ နှင်းကလေး၏ တူလည်းဖြစ်တာကြောင့်ပါမည် ထင်ပါသည်။

"ဟုတ်လား။ မိုးစက်က ဒီတစ်ခါ ဘယ်ကောင်မလေးကို ခေါ်လာမလဲ မသိဘူး။"

အတုလက ဒယ်ဒီ၏ စကားကြောင့် မျက်ခုံးပင့်သွားမိသည်။ မိုးစက်က မိန်းကလေးနှင့် ဘယ်လို ပတ်သတ်နေတာလဲ။ ဘာကြောင့် မိန်းကလေး ကိုခေါ်ကာ ဒယ်ဒီ့ထံလာရသနည်းဟု တွေးနေမိစဉ် ဒယ်ဒီက ကားပါကင်ဘက်ကို လှမ်းကြည့်ကာ ပြုံးလိုက်သဖြင့် အတုလ လှမ်းကြည့်လိုက်သည်။

ခေတ်မှီကာ လှပထက်မြက်သည့် မိန်းကလေးတစ်ဦးနှင့်တွဲကာ မိုးစက် ဆိုင်ထဲကို ၀င်လာသည်ကို တွေ့လိုက်ရသည်။ မိုးစက်က ညနေဆည်းဆာနေခြည်ထဲတွင် တကယ့်ကို ကိုရီးယားမင်းသားလေးလို နုဖတ်ချောမွေ့နေသည်။ သူနှင့်တွဲလာသည့် မိန်းကလေးကို အတုလ မြင်ဖူးသလို ထင်လိုက်မိသည်။

မိန်းကလေးက အရပ်မြင့်မြင့်နှင့် နိုင်ငံခြားမော်ဒယ်မလေးကို လှပကာ ဆွဲဆောင်မှုပြင်းသည်။ စူးရှသည့် မျက်ဝန်းလှလှများက တဖက်သားရင်ထဲထိအောင်ကို ထိုးဖောက်တော့မလိုပင်။

အတုလသည် မိုးစက်နှင့် တွဲလာသည့် မိန်းကလေးကို ကြည့်နေရာမှ ဒယ်ဒီ့ဘက်ကိုလှည့်ကြည့်လိုက်တော့ ဒယ်ဒီ့မျက်ဝန်း အကြည့်ကို တွေ့လိုက်သည်နှင့် မိုးစက်ကို ဒယ်ဒီ မည်မျှကို ချစ်မြတ်နိုးသည်ကို အတုလ ချက်ချင်းသိသွားသည်။

တောက်ပသော မျက်ဝန်း၊ နူးညံ့သော မျက်ဝန်း၊ ပျော်ရွှင်သွားသော မျက်ဝန်း၊ လိုအပ်သမျှ ဖြည့်ဆည်းပေးဖို့ အသင့်ရှိ နေပေးသည့် မျက်ဝန်း.....

အတုလသည် ထိုမျက်ဝန်းကို တွေ့တော့ ရင်ဝယ် ဆွတ်ပျံ့ကြည်နူးခြင်းကြောင့် ကြက်သီးမွေးညှင်းပင် ထလာသည်။

"ဒယ်ဒီ မိုးစက်ကို အရမ်းကို မြတ်နိုးနေမိပြီလား...."

အတုလ စိတ်ထဲမှ ကြိတ်ကာ ပြောနေမိသည်။ ဒယ်ဒီက မိုးစက်ကို ပြုံးကာ ကြိုသည်။ အတုလသည် မိုးစက်ကို ကြည့်နေမိသဖြင့် နံဘေးမှ မိန်းမလှလေး မိမိကို ကြည့်နေသည်ကို သတိမထားမိလိုက်ပေ။ သူမကို ကျော်ကာ အနောက်မှ ကားပါကင်ထိုး လာသော ၀သုန်ကိုလှမ်းကြည့်လိုက်မိသည်။

ဝသုန်လည်း အခုမှ အူယားဖားယား ရောက်လာသည် မဟုတ်လား။

"အတုလ ရောက်နေပြီကိုး... အကိုကြီး ကျွန်တော် နည်းနည်းနောက်ကျသွားတယ် ထင်တယ်။ မာန်ကို သွားကြိုရင်း ကားလမ်းပိတ်နေလို့ပါ..."

မိုးစက်က အတုလကို နူတ်ဆက်ရင်း တလက်စတည်း အကိုကြိးကို လှမ်းပြောကာ မာန်ထိုင်လို့ရအောင် ကုလားထိုင်ကို ရွှေ့ပေးသည်။

မာန်သည် ထိုင်ခုံတွင် ၀င်ထိုင်ရင်း လူခန့်ချောကြီးနှင့် သူ့ဘေးမှ အတုလကို တချက်ဝေ့ကြည့်ရင်း ရင်ခုန်လာခဲ့သည်။ မာန်စောင့်နေသည့် နေ့ရောက်လာခဲ့ပြီ။ ဒီလို ပြန်ဆုံရမည်ဟု ထင်ကိုထင်မထားခဲ့ပါ။ မာန့်ကို သူမှတ်မိပုံမပေါ်ပေ။ မာန်သည် သူတို့ကို အလှပဆုံး၊ အတောက်ပဆုံးပြုံးကာ နူတ်ဆက်လိုက်သည်။

မိုးစက်သည် မာန်၏ နံဘေးတွင် နေရာချန်ထားကာ အကိုကြီးဘေးတွင် သွားထိုင်လိုက်သည်။ မာန်၏ နံဘေးက ၀သုန်အတွက်ဖြစ်သည်။ ၀သုန်လည်း ရှေ့ဆင့်နောက်ဆင့် ရောက်လာသည် မဟုတ်လား။

ဝသုန်သည် မိမိအတွက်ချန်ထားသည့် ခုံတွင် ၀င်ထိုင်လိုက်သည်။ စနေ၏ တစ်ဖက်တစ်ချက်တွင် အတုလနှင့် မိုးစက် က ထိုင်နေပြီး အတုလဘေးတွင် မာန်၊ ပြီးတော့ မိမိ၊ ပြီးတော့် မိုးစက်။

ဝသုန်က ဦးစနေကို လှမ်းပြုံးပြကာ နူတ်ဆက်လိုက်သည်။

"ဦးထွဋ်ခေါင် ရောက်နေတာ ကြာပြီလား ခင်ဗျ... ကျွန်တော် နောက်ကျသွားတာ ခွင့်လွှတ်ပါ။"

စနေက ခေါင်းကိုယမ်းကာ အေးအေးသက်သာ ပြန်ပြောလိုက်သည်။ ခေါ်လာသည့် ကလေးမကို တချက်ကြည့်ကာ မိုးစက်ကို တချက်ကြည့်တော့ မိုးးစက်က မသိချင်ယောင်ဆောင်နေသည်။

"ရပါတယ်။ကိုယ်က စာဖတ်နေတာ။ မလောပါဘူး။ ဒါနဲ့ ဒီကို သူငယ်ချင်းတွေ အတူညစာ လာစားကြတာ ထင်တယ်။ ကိုယ်နဲ့ ဒီမှာ လာဆုံတာ တိုက်ဆိုင်လိုက်တာ။ "

မိုးစက်က အကိုကြီး တမင်ပြောသည်ကို သိလိုက်သည်။ မိမိဂွင်ဆင်ထားသည်ကို သိလို့ တမင်ပြောနေသည် မဟုတ်လား။ မိုးစက် ၀င်ပြောလိုက်ရသည်။ မဟုတ်လျှင် အကိုကြီး ကဖွင့်ချမည့်သဘောရှိသည်။

"တိုက်ဆိုင်တာ မဟုတ်ပါဘူး အကိုကြီး။ ကျွန်တော် တမင် အကိုကြီးကို ချိန်းလိုက်တာပါ။ အကိုကြီး ရောက်တုန်း ကျွန်တော့် သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးချင်လို့ပါ၊ ပြီးတော့ ဒီက အဆိုတော် ညီမလေး စူးရှမာန်နဲ့ အကိုကြီးကို မိတ်ဆက်ပေးချင်လို့ ပါ။"

စနေက ပြုံးကာ အားလုံးကို ဝေ့ကြည့်ပြိး ပြောလိုက်သည်။

"ကောင်းသားပဲ။ ကိုယ်လည်း လူငယ်တွေနဲ့ စကားပြော၇တော့ နုပျိုလန်းဆန်းတာပေါ့၊ ကိုယ်က စနေပါ။ မိုးစက်၇ဲ့ အကိုကြီးပဲ ဆိုပါတော့။ "

မာန်သည် ခန့်ထည်သလောက် အသံသြဇာနဲ့ပြည့်စုံကာ စကားပြောကျွမ်းလှသည့် လူကြီးကို ငေးကြည့်လိုက်မိသည်။
မိုးစက်က စူးရှမာန်ဘက်ကိုလှည့်ကာ မိတ်ဆက်ပေးလိုက်သည်။

"အကိုကြီး သူက စူးရှမာန်ပါ။ မာန်..ဒါက ကျွန်တော့်ရဲ့ မွေးစားအကိုကြီး စနေထွဋ်ခေါင်ပါ။ သူက ဒါရိုက်တာ အတုလပါ။"

မာန်သည် ဦးစနေထက် အတုလကို ပိုအာရုံစိုက်မိသည်။ အတုလသာ မရှိလျှင် ထိုညနေ မာန့်စိတ်ကို ဆွဲဆောင်နိုင်သည့်သူက ဦးစနေဖြစ်နိုင်သည်။ သို့သော် ယခု မာန်၏ စိတ်က ...

"ဟုတ်ကဲ့...ကျွန်မကို မာန်လို့ ရင်းရင်းနှီးနှီးခေါ်ပါရှင်..."

အတုလက သူမကို ကြည့်ကာ လက်ကမ်းပေးပြီးပြောလိုက်သည်။

"တွေ့၇တာ ၀မ်းသာပါတယ် မာန်။ ကျွန်တော်က အတုလပါ။"

မာန်သည် အတုလ၏ လက်ကို ဆွဲကာ ဟန်မပျက်နူတ်ဆက်လိုက်သော်လည်း ရင်ထဲ လှိုက်ခနဲဖြစ်သွားမိသည်။ မိမိ အကြိမ်ကြိမ် စိတ်ကူးနှင့်သာ ထိခဲ့ဖူးသည့် လက်ကို လက်တွေ့ဆွဲကိုင် နူတ်ဆက်ခွင့်၇လေပြီ။

မာန်၏မျက်နှာ နွေးခနဲဖြစ်သွားမိသည်။ အတုလ၏ ဖြူစင်သည့် အပြုံးလေးက မာန်၏ ရင်ကို အရှိန်းပြင်းစွာ ၀င်ဆောင့်နေသည် မဟုတ်လား။

အတုလက မာန်၏ မမြင်ဖူးသည့်ရှက်သွေးဖြန်းနေသည့် ပုံစံကိုကြည့်ကာ အံ့သြနေမိသည်။ မိုးစက် က အကိုကြီးဘက်ကို လှည့်ကြည့်နေသဖြင့် သတိမထားလိုက်မိပေ။ အတုလ၏ အာရုံက မိုးစက်နှင့် ဒယ်ဒီ့ထံတွင်ရောက်နေသည် မဟုတ်လား။

မိုးစက်သည် အကိုကြီးဘက်ကိုလှည့်ကာ မေးလိုက်သည်။

"အကိုကြီး အလုပ်တွေ ပြီးပြီလား။ မပြန်သေးဘူး မဟုတ်လား.."

စနေက မိုးစက်ကို ပြုံးကြည့်ကာ ဖြေလိုက်သည်။ ကလေးလေးလို ဖြူစင်သည့် မိုးစက်လေးကို စနေ ပြုံးကြည့်ရင်း စိတ်ထဲ ကြည်နူးနေမိသည်။

"အလုပ်က ပြီးသလောက်ရှိပြီ။ ကိုယ် နောက် ၃ ရက်ဆိုရင် ပြန်တော့မလားလို့..."

"ဟင်... နောက်သုံးရက်လား...မြန်လိုက်တာ.. နော် အတုလ။ ငါတို့ ဘယ်လောက်မှ မတွေ့ရသေးဘူး"

"ဟုတ်တယ် ဒယ်ဒီ။ ရောက်တုန်း ကြာကြာလေး နေပါ။ ကျွန်တော်လည်း ဒယ်ဒီနဲ့ အေးအေး ဆေးဆေး တွေ့ချိန်မ၇သေးဘူး။"

အတုလလည်း ဒယ်ဒီကို ၀င်ပြောလိုက်သည်။ ဟိုကို ပြန်သွားလျှင် အလုပ်ထဲ ခေါင်းစိုက်ကာ တယောက်တည်း အလုပ်ကို ကျုံးလုပ်နေဥင်္ီးမည်ကို သိလို့ တားလိုက်သည်။ ပြီးတော့် ဒယ်ဒီ့ကို အေးအေး ဆေးဆေး နားစေချင်တာလည်းပါသည်။

"ကိုယ် အလုပ်တွေကို ပစ်ထားရတာလေ... ကိုယ်မရှိရင် ဘယ်သူလုပ်မှာလဲ..."

စနေက အသာလေး ရယ်ကာ ပြောလိုက်သည်။ မိုးစက်က လက်မခံပါ။ အကိုကြီး သိသိသာသာ ပိန်သွားသည်ကိုကြည့်ကာ ပြောလိုက်သည်။

"အကိုကြီးရဲ့ မန်နေဂျာတွေ၊ ဒါရိုက်တာတွေ ဘာလုပ်ဖို့ထားတာလဲ။မရဘူး။ အကိုကြီး နေရဦးမယ်။ "

မိုးစက်က အကိုကြီးကို ဇွတ်တားလိုက်သည်။ စနေသည် မိုးစက်၏ တားမြစ်စကားသံကို ကြားသောအခါ ပြုံးမိသည်။ ရင်ထဲတွင်လည်း ကြည်နူးသွားမိသည်။ သြော်... ချစ်သော ကလေးလေးက မိမိကို တားနေသည် ဆိုတော့ မခံယူဝံ့သော်လည်း ကြည်နူးစိတ်ကို မထိန်းလိုက်နိုင်တော့ပေ။

မာန်သည် အတုလ၏ အခေါ်ဝေါ်ကြောင့် ဦးစနေကို အတုလ၏ ဒယ်ဒီမှန်းသိလိုက်ကာ ပိုပြီး ခင်မင်သလို ခံစားလိုက်ရသည်။
ဝသုန်က ဥိီးစနေကို တားနေသည့် သူငယ်ချင်း မိုးစက်၏ ဟန်ပန်ကိုကြည့်ကာ သက်ပြင်းရှိုက်လိုက်မိသည်။ တကယ်ပဲ မာန်နှင့် ဦးစနေကို ဖြစ်သွားစေချင်မိသည်။ ဒါမှ အတုလအပေါ် ဘာညာ ဘာညာ ဖြစ်ချင်နေမည့် မာန်ကို ရှင်းပြီးသားဖြစ်မည်။ တွေးရင်း ၀သုန် က မာန့်ကို မေးလိုက်သည်။

"မာန်....လည်း အမေရိကားမှာ အဆိုပညာကို သင်ဖူးတယ် ပြောတယ်နော်။ အတုလ လည်း အမေ၇ိကားကနေ ကျောင်းပြီးလာတာ... တစ်ယောက်နဲ့ တယောက် မသိကြဘူးလား..."

"မာန်... အတုလကို သိပါတယ်..."

မာန်က အတုလကို တချက်ကြည့်ကာ တိုးတိုးဖြေလိုက်သည်။ အတုလက မာန့်စကားကြောင့် သူမကို ကြည့်ကာ စဉ်းစား နေသည်။ သို့သော် လုံးဝမ မှတ်မိသဖြင့် အားတုန့်အားနာဟန်ဖြင့် ရယ်ကာ ပြောလိုက်သည်။

"တောင်းပန်ပါတယ်...ကျွန်တော်က ဥာဏ်မကောင်းလို့ထင်တယ်။ ဆောရီးပါဗျာ။"

မာန်က ပြုံးကာ ပြောလိုက်သည်။

"မဟုတ်ပါဘူး။ မာန်က အဲ့တုန်းက အတုလတို့ project ဆုရတဲ့ ဗီဒီယိုကို လာကြည့်လို့ သိတာပါ။ အတုလက ကျောင်းမှာ နာမည် ကြီးမို့ မာန်က သိတာပါ။"

အတုလက ရယ်ကာ ခင်မင်စွာပြောလိုက်သည်။ တကျောင်းတည် ပြီးလာသည်ဆိုသည့်အသိက ခင်မင်စိတ် ဖြစ်စေသည် မဟုတ်လား။

"နာမည် မကြီးပါဘူးဗျာ။ ဆောရီးနော် မာန်။ တကျောင်းတည်းမှန်း မသိခဲ့ဘူး ဗျ။ မာန်က ပြန်လာတာ ကြာပြီပေါ့။"

"ဟုတ်ကဲ့။ မာန်က တစ်နှစ် ဒီပလိုမာပဲတက်တာပါ။ ပြီးတော့ ပြန်လာပြီး အနုပညာလောကထဲကို ၀င်လိုက်တာ။"

အတုက မာန်ပြောသည်ကို စိတ်ဝင်စားသွားသည်။ သူမ ဘယ်လောက် သင်ထားသည်ကို အသုံးချနိုင်သည်ကို သိချင်လာသည်။

မိုးစက်က စိတ်ညစ်သွားသည်။ မိမိက အကိုကြီးနှင့် မိတ်ဆက်ပေးဖို့ခေါ်လာတာ ယခုတော့ အတုလနှင့် စကားလက်ဆုံးကျနေသည်။ ၀သုန်လည်း နည်းနည်းတော့ နင်တင်တင် ဖြစ်ချင်လာသည်။ ဘယ့်နှယ့် အတုလနှင့် မာန်က နှစ်ယောက်တည်းရှိသူ ပမာ ရေပက်မ၀င်အောင်ကို စကားပြောနေပြီ မဟုတ်လား။

"ကဲ... အတုလ...အရင် မှာ၇အောင်။ စားရင်းမှ စကားပြောကြတာပေါ့... မာန်... ဘာကြိုက်တတ်လဲ ။ မှာနော်။"

မိုးစက်လည်း ထိုအခါမှ အတင်းပင် မာန်နှင့် အကိုကြီးကို စကားလက်ဆုံကျအောင် ကြိုးစားနေသည်။ စနေသည် အတုလကို အလေးနက်ထားသည့် မာန်ဆိုသည့် အဆိုတော်မလေးကို မည်သို့ကိုင်တွယ်ရမည်ကို သိသွားသည်။ မာန်ကို စကားဖြင့်ထိန်းထားလိုက်သည်။

မာန်လည်း အတုလ၏ ဒယ်ဒီဖြစ်လို့ ဦးစနေကို လှိုက်လှိုက်လှဲလှဲစွာ စကားပြောနေမိသည်။ အတုလကို ချစ်သောကြောင့် သူနှင့်ပတ်သတ်သည့်သူက မာန်အတွက် အလေးထားရမည့်သူမဟုတ်လား။

အချစ်စစ်၏ တည်နေရာWhere stories live. Discover now