အခန်း ၆
ဟိန်းစစ် တစ်ယောက် လူကသာ အလုပ်ထဲမှာ စိတ်ကတော့ ဆေးရုံမှာ တစ်ယောက်ထဲ ရှိနေတဲ့ အမေ့ဆီသာ ရောက်နေသည်။အလုပ်လုပ်ရတာ စိတ်မဖြောင့်၊ စိတ်မဝင်စားတော့ အမှားက အခါခါအလီလီ ဖြစ်နေသည်။ဒါကို သတိထားမိတဲ့ စီနီယာ အစ်မကြီးက
"ဟဲ့. .ကောင်လေး.. နင် ဒီတစ်မနက်လုံး ဘာတွေဖြစ်နေတာလဲ။အလုပ်တွေလည်း အမှားမှားအယွင်းယွင်းတွေဖြစ်၊ လူကလည်း ငူငူငိုင်ငိုင်နဲ့ နေလို့မှကောင်းရဲ့လား။"
"ကောင်းပါတယ်ဗျ။စိတ်ပူစရာလေးနည်းနည်းရှိလို့ပါ။"
"အလုပ်ကိုတော့ လေးလေးစားစားလုပ်၊ ကိုယ်က လူသစ်လည်း ဖြစ်နေတယ်။နောက်ထပ် အလုပ်တစ်ခု အလွယ်တကူ ပြောင်းဖို့ ဆိုတာကလည်း ဒီခေတ်ကြီးထဲ လွယ်တာမဟုတ်ဘူး။"
အပျိုကြီးပီပီ ဆုံးမစကားတွေ ဆိုတတ်တဲ့ စီနီယာမမရဲ့ စကားတွေကြောင့် ပြုံးမိသည်။အလုပ်ရှာရမလွယ်တဲ့ခေတ်ကြီးမှာ အလုပ်ကို ကြိုးကြိုးစားစား ဘယ်လောက်ပဲ လုပ်လုပ်
ငွေအမြဲလိုနေတဲ့ သူကတော့ ရယ်စရာ ကောင်းပါသည်။
စီနီယာတွေ ခိုင်းထားတဲ့ စက္ကူတစ်ထပ်ကို မိတ္တူ တွဲနေတုန်း ကားမောင်းတဲ့ ဦးလေးက အနားရောက်လာပြီး"မင်းကို ဆရာခေါ်နေတယ်။သွားလိုက်ဦး"
"ဟုတ်ကဲ့။"
လုပ်လက်စ လက်စသတ်ပြီး ဆရာလို့ တစ်ရုံးလုံး ခေါ်ကြတဲ့ ဦးခေါင်ထက်ညီနောင် အခန်းထဲ သို့ ဝင်ခဲ့သည်။
"ဆရာ . . ကျွန်တော့်ကို ခေါ်တယ်ဆိုလို့ "
ကျွန်တော်ရောက်ချိန်မှာတော့ စားပွဲပေါ်က စာရွက်အချို့နှင့် အလုပ်ရှုပ်နေတဲ့ သူ့ကို တွေ့ရပါသည်။"ခဏထိုင်ဦး ညီငယ်။"
မလှမ်းမကမ်းမှာ ရှိတဲ့ ဆိုဖာပေါ်မှာ ဝင်ထိုင်လိုက်သည်။
အခုဆိုရင် ဒီအလုပ်ကို ရောက်တာ ၃လနီးပါးရှိပါပြီ။ဘာလုပ်ငန်းအတွေ့အကြုံမှ မရှိတဲ့ သူတစ်ယောက်ကိုတော့ စာရင်းအင်းတွေ ပေးမကိုင်သေးဘဲ အသင်သဘောနဲ့ စီနီယာတွေ ခိုင်းတဲ့ တောက်တိုမယ်ရ လေးတွေကို လုပ်ကိုင်ပေးရသည်။
သူဌေးအခန်းကတော့ အမြဲတမ်း ဝင်ထွက်ခွင့်မရှိဘဲ ခေါ်မှ သွားရသည်။ခိုင်းတာလုပ်ပေးရသည်။ဟိန်းစစ် လုပ်ရတဲ့အလုပ်နဲ့ ယှဉ်ရင် လစာပေးထားတာက အတော်များနေပါသည်။စိတ်မသန့်သလို ခံစားရပေမယ့် ဖွင့်တော့မပြောဖြစ်ခဲ့ပါ။
YOU ARE READING
ညီငယ် (ညီငယျ ) Zawgyi and Unicode
RomanceNote စာဖတ်သူများ ချစ်ပရိသတ်များ မင်္ဂလာပါ ဒီ ဝတ္ထု ကို စဉ်းစားထားတာ ကြာပေမယ့် မရေးဖြစ်ခဲ့ဘူး။ ရေးဖြစ်ပြန်တော့လည်း အများကြီး စဉ်းစားပြီးမှ တင်ဖြစ်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ စာဖတ်သူတွေထဲမှာ အရွယ်သုံးပါး ကျား၊မ မရွေးပါဝင်နိုင်တဲ့အ...