Part 14(Zawgyi&Unicode)

7.7K 674 9
                                    

[Zawgyi]

'ကိုခန့်ရေ မပြီးသေးဘူးလားကွာ တောင်တက်တဲ့ အခါ နေမြင့်သွားရင် မကောင်းဘူးဟ လူရှုပ်တယ် ငါက ဘာမှ မဖြစ်ဘူး မင်းက ကားမောင်းရမှာမလို့ပြောတာ'

'လာပြီ ကိုမြတ်ရေ ပြီးပြီ'

မနက်စာ စားပြီးကြကတည်းက မင်းမြတ် မေမြို့ကို ပြန်ဖို့အတွက် နှစ်ယောက်သား ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြသည်။ လိုက်ပို့မယ့် ဆရာသမား သွေးခန့်က ဘာတွေ ဘယ်လောက်ပြင်ဆင်နေလဲ မသိ ... မင်းမြတ်ပြင်ဆင်ပြီးလို့ အိမ်ရှေ့က ကားနားရောက်နေတာ တော်တော်ကြာပြီ ... ကိုယ်တော်က ခုထိ ထွက်မလာသေး ... မင်းမြတ် စိတ်မရှည် လက်မရှည် အော်လိုက်ကာမှ ဝုန်းဒိုင်းကြဲကာ အခန်းထဲက ထွက်လာသည်။ တော်သေးတယ် အခန်းက အောက်ထပ်မလို့ ... အပေါ်ထပ်သာဆို ဒီလို ဝုန်းဒိုင်းကြဲ ပျာယာခတ်နေပုံနဲ့ လှေကားပေါ်က ပြုတ်ကျနေမှ အချေ King တို့ ကြည့်လှနေဦးမည်။ ပြောသာ ပြောရတာ သွေးခန့်က မင်းမြတ်တို့နဲ့ ပေါင်းလာကတည်းက ခုထိ ချေတယ်ဆိုတာမျိုးမရှိ ... ခပ်အေးအေးနေတတ်ပြီး စကားနည်းတာလောက်သာ ...

'လာပြီဆို ကိုမြတ်ရာ နည်းနည်းပြင်ဆင်နေလို့ပါ မေမြို့ကို မရောက်တာ ကြာလို့ ကိုယ် ရောက်တုန်းလေး မြို့ထဲ ဟိုနားဒီနား လည်ချင်လို့'

'အေး လည်ချင်တာ ငါ့အိမ်ရောက်မှ အေးဆေးပြန်ပြင်ရင် ရတယ်လေကွာ ... တောင်တက်လမ်းက နေမြင့်သွားရင် ကားရှုပ်မှာ စိုးလို့ပြောတာ'

'ဟုတ်ပါပြီဗျာ တက်တက်'

သွေးခန့်က တက်ဆိုတာနဲ့ မင်းမြတ်လဲ ကားရှေ့ခန်းမှာပဲ မြန်မြန်ဝင်ထိုင်လိုက်သည်။ သွေးခန့်လဲ driver seat မှာ ထိုင်ပြီးတော့ စက်နှိုးပြီ ထွက်လာကြတော့သည်။ မန္တလေးကနေ မေမြို့ကို တက်တော့ စထွက်ကြတဲ့ အချိန်က ၇ နာရီ ခွဲလောက်မလို့ တောင်တက်လမ်းဘက်ရောက်တော့ အရမ်းနောက်မကျသေး ...

မြွေလိမ်မြွေကောက် တောင်တက်လမ်းတွေက လမ်းတွေ ချဲ့ထားသေးတာမလို့ မောင်းရတာ ကျယ်ကျယ်လွင့်လွင့်ရှိသည်။ ပူပြင်းလာတဲ့ မတ်လကို ရောက်လာပေမယ့် မေမြို့ရဲ့ ထုံးစံအတိုင်း ၂၁ မိုင်ကျော်လာရင် တိုက်ခတ်တဲ့ လေကအစ အေးနေတုန်း ... တောင်တက်လမ်း တစ်လျှောက်လဲ မြူမှုန်မှုန်လေးတွေက ဆိုင်းနေတုန်းနဲ့ တောက်ပေါ်တက်လာတဲ့ လမ်းတစ်လျှောက် ဘေးက မြွေလိမ်မြွေကောက်လမ်းတွေ တောင်ရှုခင်းတွေ ဘုရားစေတီငယ်လေးတွေက ပန်းချီကား တစ်ချပ်အလား ...

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now