Part 40(Zawgyi&Unicode)

5.1K 438 11
                                    

[Zawgyi]

'သားခန့် မျက်နှာလဲ မကောင်းပါလား ဘာဖြစ်လာလို့လဲ မင်းမြတ်လေးနဲ့ ရန်ဖြစ်လာလို့လား'

ခရီးကနေ အိမ်ပြန်ရောက်လာပြီမလို့ ထွက်ကြိုရှာတဲ့ မေမေက ကားပေါ်က ဆင်းလာတဲ့ သွေးခန့် မျက်နှာ မသာမယာဖြစ်နေတာကိုမြင်တော့ အိမ်ထဲတောင်မဝင်ရသေး ချက်ချင်းတန်းမေးရှာသည်။ သွေးခန့်လဲ မေ့ကို ခပ်နွမ်းနွမ်းပြုံးပြလိုက်ပြီး မေ့လက်လေးကို ဆွဲကာ ဧည့်ခန်းထဲမှာ တူတူဝင်ထိုင်သည်။

'သားတို့အကြောင်းကို မေမေသိသွားတုန်းကလေ ဘယ်လိုခံစားခဲ့ရလဲဟင် မေ'

'ဟမ် ဘာလို့ မေးတာလဲသားရဲ့'

ဆိုင်းမဆင့်ဗုံမဆင့် သွေးခန့်ရဲ့ ရုတ်တရက်အမေးကြောင့် မေမေအံ့သြသွားပုံပေါ်ပါသည်။

'ဒီနေ့ ခရီးက ပြန်ရောက်ရောက်ချင်း ကိုကို့ အိမ်ကို အရင်လိုက်ပို့ပေးတာ ... ကိုကို့ မိဘတွေကိုလည်း သားတို့ ပတ်သတ်မှုကို ဖွင့်ပြောခဲ့တယ် မေ ... ဖွင့်ပြောတော့ ပြင်းပြင်းထန်ထန် တုံ့ပြန်တာမျိုးလဲ မဟုတ်ပဲနဲ့ သားတို့ကို လက်မခံနိုင်ကြောင်းပြောတယ် ... အခုလို ချစ်နေကြတယ်ဆိုတာလဲ ရူးမိုက်နေကြရုံပဲတဲ့ ... ပြီးတော့ မိဘတိုင်းက သားသမီး ဒီလိုဖြစ်နေတာကို လက်မခံနိုင်ဘူးတဲ့ ... ချစ်လွန်းလို့ အလိုလိုက်ပြီး လက်ခံပေးရင်တောင် မိဘတွေ ရင်ထဲမှာ ခံစားရတာချည်းပဲတဲ့ ... သားပြန်စဉ်းစားကြည့်တာ မေ ... သားတို့ကို လက်ခံပေးဖို့ကျတော့ ပြောခဲ့ပြီး မေဘယ်လို ခံစားခဲ့ရလဲ သားမမေးမိဘူး'

ရှည်လျားတဲ့ သွေးခန့်စကားအဆုံးမှာ မေက ပြုံးရင်း သွေးခန့်ခေါင်းက ဆံပင်လေးတွေကို လက်နဲ့အသာအယာပွတ်သပ်ပေးသည်။

'အမှန်တိုင်းပြောရရင် မေက မခံစားရပဲနဲ့တော့ ဘယ်နေမှာလဲ သားရယ် ... မေ့သားက ယောက်ျားလေးတစ်ယောက်နဲ့ မေတ္တာမျှနေတယ်ဆိုတာမျိုးက အနည်းနဲ့ အများတော့ စိတ်သောက ရောက်ရတာပေါ့ ... ဒါပေမယ့် မေ့သားလေး ပျော်နေတယ်လို့ တွေးလိုက်ရင် မေ ဘာမှမခံစားရတော့ဘူး ... မေ ပြောခဲ့တယ်လေ ... အချစ်ဆိုတာမျိုးက ကိုယ်ချစ်တဲ့သူပဲလို့ ... သားနဲ့ မေမေပဲ ရှိတော့တဲ့ ဘဝမှာ မေမေက သားကိုလဲ စိတ်ဆင်းရဲအောင် လုပ်ရက်ပါ့မလား ... မင်းမြတ်လေးရဲ့ မိဘတွေလဲ ရုတ်တရက်မလို့ နေမှာပါ သားငယ် ... ဘယ်မိဘမှ သားသမီး စိတ်မချမ်းတာကို မကြည့်ရက်ဘူး သားငယ်ရဲ့ ... သားက ယောက်ျားတစ်ယောက်ဆိုတာက လွဲရင် ဘာချို့ယွင်းချက်မှ မရှိဘူးလေ ... သားက လက်ခံလာအောင် ကြိုးစားရမယ်လေ ... ရူးမိုက်တာမဟုတ်တာကိုလဲ သက်သေပြရမှာပေါ့'

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now