9.6

1.1K 153 19
                                    

Unicode

“နေ..နေဦးလေ..”

“ဟမ်..?”

အဆင်မြင့်ကျောက်စိမ်းဆိုင်ထဲသို့ဝင်မည့် မော့ချီရဲ့ခြေလှမ်းများ ရပ်တန့်သွားရသည်။ သူ့ရဲ့ကံကြမ္မာဖွဲ့နှောင်ရတနာလေးကို စိတ်ကျေနပ်အောင်လုပ်ပေးဖို့ ခက်ခဲလိုက်တာ.. တချိန်လုံး မဟူရာကျောက်စိမ်းအဆောင်ဆိုတာချည်းပဲ ရေရွတ်နေတယ်.. ဈေးတစ်ခုလုံး ပတ်ရှာပြီးတာတောင် သူမ,လိုချင်တဲ့ပစ္စည်းမျိုးရှာမတွေ့သေးဘူး..

နောက်ဆုံးတော့ မော့ချီလည်း ကြံရာမရတဲ့အဆုံး အဆင့်မြင့်ကျောက်စိမ်းဆိုင်တစ်ခုကို လိုက်ရှာလိုက်ရသည်။ ကျောက်စိမ်းထွင်းတဲ့လူကို သူမ,လိုချင်တဲ့ပုံစံအတိုင်း အထူးသီးသန့် ထွင်းထုခိုင်းရတော့မှာပဲ.. ဒါပေမဲ့ ဆိုင်ရှေ့ရောက်တော့ သူမလေးက ဟန့်တားလာခဲ့ပြန်တယ်.. ဒီကလေးမရဲ့စိတ်ကို လိုက်မမှီနိုင်တော့ဘူး..

“ကျွန်မရဲ့မဟူရာအဆောင်ကို ရှာတွေ့ပြီ.. ခုနက ရှင့်ဘေးနားကဖြတ်သွားတဲ့ မိန်းကလေးကျင့်ကြံသူတစ်ယောက်ကို သတိထားမိလိုက်လား..?”

မော့ချီလည်း မိုင်လေးရဲ့စကားကြောင့် ရုတ်တရက် ကြောင်အ,သွားရသည်။ လက်စသတ်တော့ သူ,နားလည်မှုလွဲနေခဲ့တာပဲ.. ရတနာလေးက သူ့ကိုပူဆာနေတယ်ထင်ခဲ့တာ.. မဟူရာကျောက်စိမ်းအဆောင်က တကယ်ရှိနေတာပေါ့..???

'ရတနာလေးရဲ့ပစ္စည်းကို ဘယ်သူကများ ယူသွားတာပါလိမ့်..?'

“လုပ်စမ်းပါ.. ရှင့်က နတ်ဝိဇ္ဇာအဆင့်ကျင့်ကြံသူပဲဟာ.. သတိထားမိလောက်မှာပါ…”

“အင်း..”

တကယ်လည်း မော့ချီ,သတိထားမိလိုက်ပါသည်။ သို့သော်ငြား တစ်ယောက်တည်းမဟုတ်ပေ။ အဆင့်နိမ့်ကျင့်ကြံသူပေါက်စလေးတွေက ဒီလိုမျိုးဈေးဝယ်ထွက်တာကို ကြိုက်နှစ်သက်ကြတော့ နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ သွားလာတတ်ကြတယ်.. အခုလေးတင် သူ့ရဲ့စိတ်အာရုံထဲမှာ တွေ့လိုက်ရသလောက်ဆို ၁၀ ယောက်မကဘူး.. အဲ့တော့ သူမလေး ဘယ်သူ့ကိုပြောနေမှန်း သူလည်းမသိဘူး..

“မော့ချီ.. မြန်မြန်ရှာလေ.. အနက်ရောင်ကျောက်စိမ်းပြားလေး.. ခါးမှာချိတ်ထားတဲ့တစ်ယောက်..”

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now