Real World 4

975 91 0
                                    

Unicode

မိုင်လေးက ဟင်းလင်းပြင်နယ်မြေသို့ ပြန်လာခဲ့လိုက်သည်။

မနေ့က စိတ်မထိန်းနိုင်ပဲ အလောတကြီး ထွက်သွားခဲ့မိသည်။ စိတ်အေးသွားသည့်အချိန်မှ စိတ်ပူနေမည့်လူများကို သတိရလိုက်တာကြောင့် ချက်ချင်းပြန်လာခဲ့လိုက်သည်။ သူမက System ထဲမှာလို တစ်ဦးတည်းမဟုတ်တော့ပဲ အသင်းအဖွဲ့နဲ့ လှုပ်ရှားရမယ့်လူ ဖြစ်နေပြီလေ။

သို့သော်လည်း ပြန်ရောက်သည်နှင့် သူစိမ်းတစ်ယောက်ကိုသာ မြင်လိုက်ရလေ၏။

ဦးခေါင်းတစ်ခုလုံး ပူထူသွားရတဲ့အထိ Ryan အတွက် စိတ်ပူသွားခဲ့ပြီး လက်တစ်ချက်ဝှေ့ရမ်းလိုက်သည်။ မှော်စွမ်းအားတချို့ ဖြာထွက်သွားခဲ့ပြီး ထိုလူစိမ်းလည်း လေပေါ်သို့ မြောက်တက်သွားတော့၏။ လေပေါ်မှာတွဲလွဲဖြစ်နေပြီး သူ့ရဲ့လည်ပင်းကို ထိတ်လန့်စွာ ဆုပ်ကိုင်ထားရင်း မျက်ဝန်းများက အကြောက်တရားများဖြင့် တုန်ယင်နေတော့သည်။

"နင်ဘယ်သူလဲ..? ဒီမှာဘာလုပ်နေတာလဲ..?"

သေခြင်းရှင်ခြင်းနယ်နိမိတ်ကြားက ဟင်းလင်းပြင်နယ်မြေကို သာမာန်လူတွေ ဝင်လာလို့မရသလို မျှော်စင်ကလူများလည်း ဝင်လာ၍မရပေ။ ထို့အပြင် ဒီနေရာတစ်ဝိုက်ကို အစီအရင်ချထားတာကြောင့် လူစိမ်းတစ်ယောက် ဝင်ရောက်လာသည်နှင့် သူမ၏စိတ်အာရုံ၌ အချက်ပြလာလိမ့်မည်။

ယခုတော့ လူတစ်ယောက်က ဤနေရာအထိ ဝင်ရောက်နေခဲ့ပြီ။

ထိုတခနအတွင်း တစ်စုံတစ်ရာကို သတိပြုမိလိုက်သည်။ ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေပြီး Benjamin နှင့်တခြားလူများကို လုံးဝမတွေ့ရချေ။ Ryan ကတော့ အေးစက်စွာ လဲလျောင်းနေဆဲ။

ထိုလူစိမ်းက သူ့ရဲ့လည်ပင်းကို လက်ညှိုးညွှန်ပြရင်း ရုန်းကန်နေတာကြောင့် မိုင်လေးလည်း အနည်းငယ် ဖြေလျော့ပေးလိုက်သည်။ ထိုအခါမှ ထိုကောင်လေးခမျာ အသက်ရှူဝသွားရသလို ချောင်းဆိုးနေတော့သည်။ နီရဲနေသည့်မျက်နှာက အသက်ရှူမဝသလို ခံရခက်နေသည့်ဟန်။

မိုင်လေးက ထိုမြင်ကွင်းကိုကြည့်ရင်း စိတ်မရှည်တော့။

"နင်ဘယ်သူလဲလို့ မေးနေတယ်.."

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now