Part-71

3.2K 139 2
                                    

Unicode

~~🏞ငွေမြို့တော်မှ
                              အမုန်းမြို့ရိုး🏞~~
အပိုင်း(၇၁)

"မယ်တို့အိမ်ပြန်ကြရအောင် ကိုကြီး"

ပြန်ရောက်ကတည်းက မယ်ကထိုစကားကိုသာ တဖွဖွပြောနေသည်။ မယ်ဘာဖြစ်ခဲ့မှန်းသူမသိပါ။ သူ့ကိုလည်းဘာမှရေရေရာရာမပြောပေ။ သို့တိုင် နာကျင်မှုတို့ကိုတင်းခံရင်း ချုပ်ထိန်းထားရသောကြောင့် မယ့်ပုံစံလေးက ပြိုကျတော့မည့်နှယ် မချိမရိလေး။

ထို့ကြောင့် မိန့်ခွန်းကဘာမှမေးမနေတော့ဘဲ သူမလက်လေးကိုသာ ဖိဆုပ်ထားပေးရင်းနှင့်

"အင်းပါ.... မယ့်သဘောပါပဲ ဒီနေရာကနေ အမြန်ဆုံးထွက်သွားနိုင်အောင် ကိုကြီးကြိုးစားပါ့မယ်"

"မယ်ဒီမှာတစ်စက္ကန့်လေးတောင် မနေချင်တော့ဘူးကိုကြီး"

မယ်ကမျက်ရည်လေးဝဲလျက် သူ့ကိုအားကိုးတကြီးဆိုလာတော့ မိန့်ခွန်းကြင်နာစွာပြုံးလိုက်ပြီး

"ဟုတ်ပါပြီ ကလေးရယ် ကိုကြီးတို့အမြန်ထွက်သွားကြမယ်နော် မယ်သာအားရှိအောင်နေ ခဏခဏမငိုနဲ့ မယ်နေကောင်းတာနဲ့ ကိုယ်တို့ဒီကနေထွက်သွားကြမယ်.."

"မယ်နေကောင်းပါတယ်.."

ဘယ်လောက်တောင်ထွက်သွားချင်နေသည်မသိပါ။ ယဲ့ယဲ့လေးသာရှိတော့သည့်မယ်က ဇွတ်ကိုနေကောင်းပြတော့၏။

မည်သို့ပင်ဖြစ်စေမိန့်ခွန်းကတော့ ဤအခြေအနေအတွက် စိတ်ကျေနပ်မိသည်။ ငွေမြို့တော်မှထွက်သွားဖို့အတွက် မယ်ဤကဲ့သို့ စိတ်ဆန္ဒတွေပြင်းပြနေခြင်းက သူ့အတွက်ကောင်းသောအရာပဲမဟုတ်လား။

"နေကောင်းတယ်သာပြောတယ် လေတိုက်ရင် လူကလွင့်တော့မယ် အခုဆေးသောက်ပြီး အနားယူလိုက်ဦး တစ်ရက်နှစ်ရက်လောက်နေ ကိုကြီးတို့ ခရီးထွက်ကြတာပေါ့.."

"ဟုတ်ကဲ့..."

"ကလေးအတွက်လည်း ဝမ်းနည်းမနေနဲ့တော့ မထိုက်လို့ပဲသဘောထားလိုက်တော့ အချိန်မှာ ကိုယ့်ကိုယ်ကိုယ်ပဲ ပိုဂရုစိုက်သင့်တယ် မယ်အရမ်းချူချာနေတယ်.."

မယ်မချိပြုံးနှင့်သာ ခေါင်းညိတ်လိုက်သည်။ ကိုကြီးကသာ မယ့်ကိုတယုတယနှင့်ကြင်နာခဲ့၏။ တစ်စုံတစ်ယောက်ကတော့ သူ့အသွေးအသားလေးပျက်ဆီးသွားသည်နှင့် မယ့်ကို ရက်ရက်စက်စက်နှင်ထုတ်ခဲ့သည်။ အင်းလေ.. အစကတည်းက သူကမယ့်ကိုလိုချင်ခဲ့သူမှမဟုတ်ဘဲကို။

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now