part 8(Z+U)

22.8K 2.6K 52
                                    

(ကျနော်စာလုံးပေါင်း ပြန်မစစ်ထားပါဘူးနော်)

ရာသီဥတု ဖောက်ပြန်မှုကြောင့် ဆောင်းအကုန်နွေအကူးတောင် မိုးမင်းသည် ရွာနိုင်သေးသည်။ ပြာလဲ့သောကောင်းကင်ပေါ်တွင် မှိုင်းညို့သော တိမ်တိုက်များ နေရာယူထားသည်။  အေးမြမြလေပြေနှင့်အတူ ကြည်လင်သော မိုးရေစက်များသည် အပင်များစွာ၏ အလှကို ပို၍ပင် ပံ့ပိုးပေးနေသည်။ မြစိမ်းရောင် သစ်ရွက်များကြား သက်ဆိုင်ရာ အသီးအပွင့်များက အရောင်သွေးစုံစွာ အစွမ်းကုန် သီးပွင့် လာကြသည်။ခြံရှေ့၌ ပင်စည်လုံးကြီးသည့် ခရေပင်ကြီး၌ လေတိုက်တိုင်း ယိမ်းနွဲ့သွားသည့် မြစိမ်းရောင် သစ်ရွက်များကို ခြွေ အိမ်တံခါးဝမှ ရပ်၍ ငေးကြည့်နေသည်။ သစ်ရွက်လှုပ်တိုင်း ရင်ခုန်တတ်တဲ့ အရွယ်မို့ တိုက်ခတ်နေသည့် လေပြင်းကိုပင် ရိပ်ထင်ဟု စိတ်ကူးမိသည်။ သူကတော့ လေယူရာယိမ်းနေတဲ့ မြစိမ်းရောင် သစ်ရွက်လေးတွေပေါ့။ ရိပ်ထင်ပြောသမျှ ရိပ်ထင်၏ ပြုမူသမျှကို အသေးစိတ်ကအစ သတိထားမိ၍ လေပြင်းတိုက်၍ လှုပ်ခပ်သွားသော သစ်ရွက်လေးတွေပမာ ခြွေ့နှလုံးသားဟာ လှုပ်ခပ်နေတတ်သည်။ ထိုအရာကို အချစ်ဟု ခြွေ ခေါင်းစဉ်မတပ်ချင်ပါ။ ဆယ်ကျော်သက်အရွယ် ရင်ခုန်သံလေးတွေဟာ အချစ်ဖြစ်နိုင်ပါ့မလား။ ခြွေရင်ခုန်မိတာ ယောက်ျားတစ်ယောက် ။ မိမိနဲ့ မျိုးတူ ယောက်ျားတစ်ယောက်ကို ခြွေ ရင်ခုန်နေသည်တဲ့လား။ ဒါဟာ ဘယ်လောက်ရှက်ဖို့ကောင်းပါလိမ့်။ ရိပ်ထင်သည်လည်း ထိုသို့သော အချစ်မျိုးကို မနှစ်မျို့တာ သေချာသည်။ ဒီတော့ ခြွေ့ရင်ခုန်သံတွေကို ရိပ်ထင်မသိအောင် သိမ်းထားခွင့်ပြုလိုက်သည်။

" မိုးအေးတယ် အနွေးထည်ဝတ်ထား "

အတွေးများဖြင့် ငေးနေတုန်း ပခုံးပေါ်ရောက်လာသည့် အနွေးထည်တစ်ထည်နှင့် ခပ်သြသြအသံကြောင့် ခြွေ ရင်ထဲလှပ်ခနဲဖြစ်သွားရသည်။ ရိပ်ထင်သည် တဖြည်းဖြည်းနှင့် အသံတွေပါ ပြောင်းလာခဲ့ပြီး နှုတ်ခမ်းမွှေးရေးရေးလေးတွေပါထွက်လာခဲ့ပြီ။ ဒါတွေဟာ ခြွေ့အတွက် အန္တာရယ်တစ်ခုလိုပင်။ မျက်စိရှေ့တွင် ယောက်ျားဆန်စွာပြောင်းလဲလာသည့် ရိပ်ထင်ကိုမြင်တိုင်း ခြွေသိမ်ငယ်ရသည်။လူပျိုဖြစ်လာတာချင်းတူတူတောင် ခြွေ့မှာ အသံသိပ်ပြောင်းသွားခြင်းမရှိ ၊ ရိပ်ထင်လို ယောက်ျားဆန်ဆန် နှုတ်ခမ်းမွှေးယေးယေးလေးတောင် မထွက် ။ ကျို့တို့ကျဲတဲပေါက်နေသော ခပ်ပါးပါး ခြေသလုံးမွှေးတွေကလည်း ရှိသေးသည်။ အသားရောင်မှာလည်း ဖြူအုအုနှင့် ။ တစ်ကိုယ်လုံး ခြုံကြည့်လိုက်လျှင် ယောက်ျားဆန်သည့်အပြင်ပိုင်းအသွင် ခြွေ့မှာမရှိ။ ပြီးတော့ မျိုးတူချင်းဖြစ်သည့် ရိပ်ထင်ကိုတောင် ခြွေ ရင်ခုန်နေသေးသည်။ ခြွေ ယောက်ျားမစစ်တာလား ဟု ကိုယ့်ကိုကိုယ် အမြဲတွေးမိတိုင်း သိမ်ငယ်ရသည်။ အထူးသဖြင့် ရိပ်ထင်ကို မြင်တိုင်း ခြွေပို၍ သိမ်ငယ်သည်။ သူ့ကြောင့် ဖြစ်ပေါ်လာသည့် ခံစားချက်များကို ခြွေ အတတ်နိုင်ဆုံး ထိန်းချုပ်ထားပါသည်။

ခြွေ (ခြွေ) (Completed) Where stories live. Discover now