ရိပ်ထင် အခန်းမပြန်ချင်သေးသောကြောင့် အမှောင်ထုကြီးဆိုးနေသော ကမ်းစပ်တွင် လမ်းလျှောက်နေသည်။ ဖိနပ်ချွတ်၍ ခြွေဖဝါးပြင်သို့ ထိတွေ့လာသော သဲစိုစိုများကို အာရုံစိုက်ရင်း ခေါင်းငုံ့ကာလျှောက်လာသည်။ ညအချိန်သည် ပင်လယ်ရေတက်ချိန်ဖြစ်၍ ကမ်းစပ်လေးတင်တောင် ရိပ်ထင်၏ ခြေမျက်စိလောက်မြုပ်နေသေးသည်။ ကမ်းစမ်းတစ်လျှောက် လမ်းလျှောက်လာရင်း စိတ်ထွေးနေသည့် စိတ်များက အနည်းငယ်ရှင်းလင်းကြည်လင်လာသလို ခံစားရသည်။
" အ့င် "
ခြေထောက်ကိုသာ ငုံ့ကြည့်၍ လျှောက်လာရင်း ရှေ့ကလူတစ်ယောက်ကို ဝင်တိုက်မိသော ရိပ်ထင်။
" ရှင် ကန်းနေလားရပ်နေတဲ့ လူတစ်ယောက်လုံးကို ဝင်တိုက်ရအောင် "
တိုက်မိသော ကောင်မလေးသည် ရိပ်ထင်အား မျက်လုံးစိမ်းကြီးဖြင့်ကြည့်၍ ရန်တွေ့လေသည်။
" တောင်းပန်ပါတယ် ကျနော်တကယ်မမြင်လို့ပါ "
ရိပ်ထင်လည်း မိမိအမှားဖြစ်တာကြောင့် တစ်ဖက်မိန်းကလေးအား တောင်းပန်လိုက်သည်။ ထိုအခါ ထိုမိန်းကလေးမှာ ရိပ်ထင်အား တွေတွေလေးကြည့်၍ တစ်ခုခုစဉ်းစားနေဟန်၍ ရိပ်ထင်ကို လက်ညိုးထိုး၍
"ထင်!! ထင် မဟုတ်လား နင်က မှိုင်းရိပ်ထင် မဟုတ်လား "
သူမမျက်နှာတွင် ဝမ်းသားရိပ်များပေါ်လွင်နေ၍ ရိပ်ထင်ကို ရယ်ကာ မေးလေသည်။ ရိပ်ထင်လည်း တစ်ချက် စဉ်းစားသွားရသည် ။ ဒီမိန်းကလေးဟာ သူ့ကို ဘာလို့သိတာလဲ ။ မျက်မှောင်လေးကျုံ့၍ စဉ်းစားနေရာမှ အာရုံထဲတွင် ထိုမိန်းကလေးမျက်နှာသည် တစ်ရေးရေးပေါ်လာသည်။
" မမှတ်မိဘူးလား ငါလေ ပန်းဝတ်လွှာလေ "
နာမည်ပြောတော့မှ ရိပ်ထင်သည် သူမဘယ်သူလဲဆိုတာ အလုံးစုံမှတ်မိသွားသည်။
"အာ...လွှာ sorryပါ ငါရုတ်တရက်ဆိုတော့ မမှတ်မိလိုက်ဘူး "
"ရပါတယ် နင်ကလဲ ၊ ဒါနဲ့ မနက်ကထင့်ကိုငါ ဖုန်းဆက်တော့ ငွေဆောင်ရောက်နေတယ်ဆိုတာလည်း မပြောဘူးနော် "
"အင်း....စကားမဆက်မိလို့ပါ ဒါနဲ့ လွှာရောရောက်နေတာ ကြာပြီလား ဘယ်သူနဲ့လာတာလဲ "
YOU ARE READING
ခြွေ (ခြွေ) (Completed)