Ep-2(Unicode)

9.6K 1.4K 38
                                    


ညနေရုံးဆင်းချိန် အိမ်ပြန်ရောက်တော့ မိသားစုထမင်းဝိုင်းနဲ့​ဆုံသည်။ နာမည်ခံသားတစ်ယောက်ဖြစ်တာမို့ ထမင်းစားခန်းအပြင်ကနေသာ ရောက်ရှိကြောင့် ဦးညွှတ်ပြီး အသိပေးလိုက်ရုံသာ။ ထို့နောက် အပေါ်ထပ်က အခန်းထဲဝင်လာလိုက်ပြီး င်္အကျီတောင်မလဲနိုင်သေးဘဲ အိပ်ယာပေါ် လှဲချလိုက်သည်။

ဘယ်လောက်ထိ ခန္ဓာကိုယ်က ပင်ပန်းနေတယ်မသိ လှဲနေရင်းအိပ်ပျော်သွားပြီး ပြန်နိုးလာတော့ ည၁၀နာရီရှိနေပြီ။အဝတ်အစားတို့ ချွတ်ပြီး ရေချိုးလိုက်မှ ဗိုက်ထဲက အတော်ဆာနေကြောင်း အချက်ပြလို့။

ထို့ကြောင့် ရေမြန်မြန် ချိုးပြီး အောက်ထက်က ထမင်းစားခန်းကိုဆင်းလာလိုက်သည်။ အမြဲတမ်း တစ်ယောက်တည်းစားနေကျမို့ တိတ်ဆိတ်နေတဲ့ အိမ်ကြီးက အကျင့်သားရနေပြီး အထီးကျန်ဖို့တောင် သတိမရတော့။
ထမင်းပေါင်းအိုးထဲက အနည်းငယ်နွေးနေသေးသော ထမင်းနဲ့ အုပ်ဆောင်းအောက်က အေးစက်နေသော ဟင်းတစ်ခွက်နဲ့သာ ဗိုက်ဖြည့်လိုက်သည်။ည (၉) နာရီထိုးတာနဲ့ အစေခံတွေက အလုပ်တန်းလျားဘက်ကို ပြန်ကြသည်။သူတို့ရှိနေလည်း အစေခံတစ်ယောက်ရဲ့သားဆိုတော့ အိမ်တော်မှာရှိတဲ့ သူတိုင်းက ကိုယ့်ကို အရေးတယူ ဆက်ဆံမည် မဟုတ်။

ဆေးစရာရှိတာဆေးပြီး အိမ်အပြင်ဘက် ခြံထဲ ထွက်လာလိုက်သည်။ ယုဇနပင်နားက ဒန်းပေါ်မှာလှဲလိုက်ပြီး ခြေထောက်တစ်ဖက် ချကာ လွှဲနေရင်း ကောင်းကင်ကြီးကိုမော့ကြည်မိသည်။ မပြည့်သေးသော လခြမ်းကွေးလေးရယ် လေပြည်နဲ့အတူ ပါလာသော ယုဇနပန်း ရနံ့ရယ်က သင်းပြန့်ပြန့်။

တစ်ခါတစ်ရံ ကိုယ့်ရဲ့ ဖြစ်တည်မှုက အစ အားလုံးကို မေ့ပစ်ထားလိုက်ရင် အပူပင်ကင်းသလိုလို။ အချိန်ဘယ်လောက်ကြာအောင်နေမိတယ်မသိ လွှဲနေတဲ့ ဒန်းပေါ်မှာတင် ခြေထောက်တစ်ဖက်ချကာ သူမှေးခနဲ အိပ်ပျော်သွားပြန်သည်။

အိပ်မက် မက်နေသလို နိုးတစ်ဝက်နဲ့ အနားမှာ တစ်စုံတစ်ယောက် ရှိနေတာကို ခံစားမိသည်။တဖြည်းဖြည်းငြိမ်သွားတဲ့ ဒန်းနဲ့ ယုဇနပန်းအနံ့ကို သိရှိနေသော်လည်း မျက်လုံးများဖွင့်မရ။ အိပ်မက်ထဲက အမြင်အာရုံဝိုးတဝါးမှာ ကိုယ့်အပေါ် ကိုင်းညွတ်လာသော ခန္ဓာကိုယ်လေး။ နဖူးပေါ်မှ နွေးခနဲ အထိတွေ့နဲ့ ပါးပေါ်သို့ ညင်သာစွာအုပ်ကိုင်လိုက်သော လက်ချောင်းလေးတွေ။

သစ္စာတည်၍ အမျက်တော်ပြေ S2Where stories live. Discover now