အရှေ့မှ တိတ်ဆိတ်စွာသွားနေသော ကျောပြင်ငယ်လေးက တည်ငြိမ်နိုင်လွန်းသည်။အလောင်းကိုမြေမြုပ်ပြီးသည်အထိ မငိုဘဲတွေတွေသာ စိုက်ကြည့်နေသော ကောင်လေးက အခုအိမ်ပြန်လမ်းတွင်လည်းမျက်ရည်မကျ။ သူ့ဘေးနားတောက်လျှောက်လိုက်နေသော ကိုယ့်ကိုလည်း နည်းနည်းလေးမှ အဖက်မလုပ်ပေ။မိုးဖွဲလေးများ ကောင်းကင်ယံမှ ကျဆင်းလာတဲ့အချိန် သူတို့နှစ်ယောက် စမ်းချောင်းကိုဖြတ်ကူးထားသော သစ်သားတံတားလေးပေါ် ရောက်နေသည်။ထို့နောက် ချယ်ရီပင်လေးတွေနဲ့အတူ တဲအိမ်ငယ်လေးတစ်လုံးကို တွေ့ရပြီး အိမ်နားရောက်ခါနီးတော့ အရှေ့မှ သွားနေတဲ့ကောင်လေးကို လှမ်းတားလိုက်ကာ
"ကိုယ်မင်းကို ဘယ်လိုကူညီပေးရမလဲ"
မော့ကြည့်လာသော အနက်ရောင်မျက်ဝန်းလေးတွေ ညို့မှိုင်းမှိုင်း ကောင်းကင်ယံနဲ့ အရောင်ဟပ်လျက်ကာ ဘာတစ်ခွန်းမှ မပြောဘဲ ဆက်လျှောက်သွားတာမို့ သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲထားလိုက်ပြီး
"မင်းဒီမှာ ဆက်နေလို့မရဘူး။ Project က ဒီလထဲ စမှာဖြစ်လို့ မင်း ဖယ်ပေးရလိမ့်မယ်"
"........"
ခြေလှမ်းတို့ ဆက်မရွေ့သော်လည်း ဆွဲကိုင်ထားတဲ့ လက်လေးကတုန်ရီလာသလို။ ဘယ်လိုစကားမျိုးနဲ့ ဆက်ပြောသင့်သလဲဆိုတာ တွေးရင်း နေရှိန်စိတ်ထဲလည်းမကောင်း။
" နေရာတစ်ခုရှာပေးမယ်"
"မလိုဘူး"
ကောင်လေးအသံဟာ တိုးဖျော့သော်လည်း ပြတ်သားနေသည်။သူ့လက်ကို ရုန်းလိုက်ပြီးထွက်သွားတာကြောင့်
"တခြားနည်းနဲ့ ညှိနှိုင်း...."
ပြောနေတာတောင် မဆုံးလိုက် တဲအိမ်လေးထဲဝင်ပြီးတံခါးပိတ်လိုက်တာကြောင့် နေရှိန်သက်ပြင်းချမိသည်။အခုအခြေအနေနဲ့ ခေါင်းမာလွန်းတဲ့ကောင်လေးကို ဘယ်လိုမှ ညှိနှိုင်းလို့ ရမည်မဟုတ်ကြောင်း သိလိုက်တာမို့ လာရာလမ်းအတိုင်းလှည့်ပြန်ရုံသာ။အဖိုးဆုံးထားတာဆိုတော့ စိတ်ထိခိုက်နေတာလည်းပါမှာ။သူ့ကို တစ်ပါတ်လောက်အချိန်ပေးပြီးမှ ပြန်လာတာ သင့်တော်လိ့မ်မည်။ပိတ်ထားသော တံခါးကို ခဏ ရပ်ကြည့်နေပြီးမှ နေရှိန် တောင်ကုန်းလေးပေါ်ကနေပြန်ဆင်းလာလိုက်သည်။
YOU ARE READING
သစ္စာတည်၍ အမျက်တော်ပြေ S2
Romanceနန်းမြို့ရိုး၏ ချစ်ခြင်း အလင်္ကာရဲ့ အဆက်ပါ။ Completed