ညနေခင်း နေကျချိန်ခြံထဲတွင် စိုင်းခန့်တစ်ယောက် ပေါက်ပြားတစ်လက်နှင့် အလုပ်ရှုပ်နေသည်။အတန်းလိုက်လေးတွေဖြစ်အောင် မြေကိုအရင်ဖွပြီးမှ မြေဆွေးနဲ့ရောကာ သစ္စာပန်း ဥလေးတွေအား ညီနေအောင် ချလိုက်သည်။
ဒီလိုစိုက်ပျိုးတာကို အရင်ကတည်းက ဝါသနာပါတာမို့ ပင်ပန်းရင်တောင် အပြုံးမပျက်။အပေါ်ကနေ ရေကို များမသွားအောင် ထိန်းဖြန်းရင်း မနေ့ညက သူ့စကားတချို့ကို ပြန်ကြားယောင်လာသည်။
ယောင်နေတဲ့ ပါးကို ရေခဲဝတ် ကပ်ပေးနေသော နေရှိန်က စိုင်းခန့်အား အနေခက်အောင် စိုက်ကြည့်ကာ
"ကလေး ဘာဝါသနာပါလဲ "
ရုတ်တရက် မေးလိုက်တဲ့ မေးခွန်းကို ဘယ်လိုဖြေရမလဲ စိုင်းခန့် မသိ။ကျောင်းလည်း ၁၀တန်းတောင်မရောက်ခဲ့တာကြောင့် ပြောရခက်နေသည်။ဒါကိုရိပ်မိတဲ့ နေရှိန်က
"ကလေး လုပ်ချင်တာ မရှိဘူးဆိုရင် ကိုယ် အကူညီတစ်ခုလောက်တောင်းလို့ ရမလား"
"ဟုတ် ကျွန်တော် ကူညီနိုင်တာဆိုရင် တက်နိုင်သမျှ အကုန်လုပ်ပေးပါ့မယ်... ဒါပေမဲ့အစ်ကို့ အတွက် ကျွန်တော်က အသုံးဝင်စရာ နေရာရှိပါ့မလား"
နေရှိန်နဲ့ ပတ်သတ်တာတွေ ပိုသိလာလေ ပိုပြီး သိမ်ငယ်မိလေ ဖြစ်သည်။ အရင်ကလိုတောင် ခင်ဗျား လို့မခေါ်ရဲတော့တာကြောင့် သင့်တော်မယ့် နာမ်စားပြောင်းသုံးမိတဲ့အထိ။ဒါကို သူက မူပိုင်အပြုံးတို့ ဖြစ်ပေါ်လာပြီး
"အစ်ကို တဲ့လား"
"......."
"သဘောကျလိုက်တာ "
"ကျွန်တော် ဘာလုပ်ပေးနိုင်လဲ။ ဒီမှာ နေတဲ့ တစ်ချိန်လုံး ခိုင်းချင်တာ ခိုင်းလို့ရပါတယ် ဒီအတိုင်း အလကားနေတာထက်စာရင် ..."
"ကလေးကို ကိုယ့် အနားနေစေချင်တာက ခိုင်းစားဖို့မှမဟုတ်တာ ။ကိုယ့်ကိုယ်ကိုယ် အသုံးဝင်ပါ့မလား ၊ ဒီအတိုင်းပဲနေလို့ ငါက ဘာမှမဟုတ်ဘူးဆိုတာမျိုး အတွေးတွေ ကလေးဆီမှာရှိနေတာ ကိုယ်နားလည်တယ်။အဲ့ဒါကြောင့် အကူညီတောင်းမယ်လို့ ပြောတာ"