မျက်လုံးမဖွင့်မှီ ပွေ့ဖက်ထားသော ရင်ခွင်ထဲက ခန္ဓာကိုယ်ငယ်လေးကို ပိုနီးကပ်အောင် ဆွဲသွင်းလိုက်သည်။မနက်ခင်းနေရောင်နွေးနွေးမှာ မွှေးပြန့်နေသော ဆံနွယ်လေးတွေနဲ့ ကြည်နူးစရာကောင်းသောကိုယ်သင်းရနံ့လေး။
နေရှိန် မျက်လုံးမှိတ်ထားလျက်ပဲ တိုးဝှေ့ပြီး နားထင်လေးတွေ ပါးလေးတွေကို နှုတ်ခမ်းဖြင့်စမ်းကာ နမ်းရှိုက်နေသည်။
ထိုအချိန် နီးကပ်နေသော ဖြူလွှလွှ မျက်နှာလေးကို မြင်ခိုက်"ကလေး ...!"
ပါးပြင်အား အုပ်ကိုင်ကာ ခေါ်လိုက်သော်လည်း ပြန်မထူး။ မျက်နှာကြက်ကိုသာ စိုက်ကြည့်နေသော မျက်စံလေးတွေဟာ လှုပ်ရှားခြင်းမရှိဘဲ အသိစိတ်မဲ့နေသော အရုပ်ကလေးတစ်ရုပ်နှယ်။ ဖြူဖျော့နေသော နှုတ်ခမ်းနဲ့ အနည်းငယ်ညိုနေသော မျက်ကွင်းတွေဟာ မနေ့ညကတည်းက မအိပ်ကြောင်းဖော်ပြနေသည်။
"ကလေး ကိုယ့်ကို ကြည့် ..! ကိုယ်ပြောတာ ကြားလား"
ပုခုံးကနေ အသာဆွဲမကာ ထူလိုက်သော်လည်း စက္ကူစလေးတစ်ခုနှယ် လက်ထဲမှာ ပျော့ခွေလျက်။တုန့်ပြန်ခြင်း မရှိတော့သော စိုင်းခန့်ပုံစံက နေရှိန်အား ကမ္ဘာပျက်စေသည်။
ဖုန်းနံပါတ်တစ်ခုကို အမြန်ခေါ်ပြီး စိတ်ကို အရင်တည်ငြိမ်အောင် ထားနေရသည်။"Hello ဆရာ "
" ကျော်ကျော် ဆရာဝန် ခေါ်ပြီး ငါ့အိမ်ကို အခုလာခဲ့ "
"ဗျာ ... ဟုတ် ဟုတ်ကဲ့ဆရာ ကျွန်တော် အခုလာ.... "
တစ်ဖက်က ဖြေသံကို မစောင့် ။ဖုန်းချကာ တုတ်တုတ်မျှမလှုပ်ဘဲ ဒီအတိုင်းလေးရှိနေသော ခန္ဓာကိုယ်လေးကို နေရှိန် ရင်ခွင်ထဲ ပွေ့ချီကာ တောင်းပန်စကား တဖွဖွဆိုနေမိတော့သည်။
...............
ဆရာဝန်က စိုင်းခန့်ကို ကြည့်နေတုန်း နေရှိန်မှာ ဂနာမငြိမ်။အခန်းထဲက ထွက်လာတဲ့ ဆရာဝန်ကို မြင်တော့ နေရှိန် ချက်ချင်းထသွားပြီး
"သူ ဘာဖြစ်သွားတာလဲ "
အပြင်မှာ အသံကို တည်ငြိမ်အောင် ပြောနေပေမဲ့ စိတ်ထဲမှာတော့ တော်တော်လေး ယောက်ယက်ခတ်နေတယ်ဆိုတာ စိုးရိမ်သော မျက်နှာတွင် ပေါ်နေသည်။ ဆရာဝန်က မျက်နှာ မကောင်းစွာ နေရှိန်ကို ကြည့်လာပြီး