အပိုင်း (၃) - ကံကောင်းလှတဲ့ ပထမဇနီး|ကံေကာင္းလွတဲ့ ပထမဇနီး|

12.3K 1.9K 40
                                    

Unicode

အန်းကျီယန် က သူ့အခန်းသို့ ပြန်သွားလိုက်ခြင်း ဖြစ်သော်ငြား အနားယူဖို့အတွက်တော့ မဟုတ်ပေ။ အန်းမိသားစု၏ လတ်တလော အခြေအနေကို တွေးတောရင်း သူ့စိတ်တို့ ပျံ့လွင့်နေလေသည်။

အန်းချန်ဖူ ဆုံးသွားချိန်တွင် အသက် ၃၈နှစ်မျှသာ ရှိသေးသည်။ သူ့ရဲ့ ဇနီးသည်များကလည်း ဒီခေတ်အရဆိုရလျှင် မဆိုးဟု သတ်မှတ်ရမည့် သားနှစ်ယောက် သမီးသုံးယောက်ကို မွေးဖွားပေးခဲ့ကြသည်။ အနည်းဆုံး အန်းမိသားစု၏ အရွယ်ပမာဏမှာ ထိန်းချုပ်နိုင်နေဆဲဖြစ်သည်။ သားသမီးတစ်ဝက်လောက်မှာ တရားဝင် ဇနီးသည် လျှိုမေးရှန့်က မွေးဖွားထားခြင်းပင်။ သို့သော်လည်း လျှိုမေးရှန့် အန်းချန်ဖူ နှင့် လက်ထပ်လိုက်ချိန်က ပထမဆုံးသားဦးလေးကိုတော့ မွေးဖွားပေးနိုင်ခြင်း မရှိပေ။

လျှိုမေးရှန့်နှင့် အန်းချန်ဖူတို့ လက်ထပ်ပြီး ပထမနှစ်တွင် လျှိုမေးရှန့်၏ ဗိုက်က ကိုယ်ဝန်ရှိနေပါကြောင်း အရိပ်အယောင် တစ်ခုမျှပင် မပြပေ။ ထို့ကြောင့်ပင် အန်းချန်ဖူက နောက်တစ်နှစ်၌ ဒုတိယဇနီး ဖန်ကျန်းပင်နှင့် လက်ထပ်လိုက်ခြင်းပေတည်း။ သူတို့လက်ထပ်ပြီး နှစ်လပင် မပြည့်သေး...။ ဖန်ကျန်းပင်က ကံကောင်းလှစွာဖြင့် သူမဗိုက်အတွင်းသို့ ပျော်ရွှင်မှုတို့ခိုဝင်လာပြီး ကိုယ်ဝန်ရှိနေပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။ အန်းမိသားစုထဲရှိ သူမ၏ အနေအထားမှာလည်း တရားဝင် ဇနီးသည် လျှိုမေးရှန့်ထက်ပင် သာလွန်သွားချေ၏။

အဲ့ဒီနှစ်က လက်တွေ့ကျကျပင် အန်းချန်ဖူသည် သူ့ရဲ့ ခွန်အားတို့ကို ဖန်ကျန်းပင်ထံ၌သာ အလုံးစုံ စိုက်ထုတ်ထား၏။ သူက သူရှာထားသမျှ ကောင်းမွန်ထူးသစ်လှသည့် အရာအားလုံးနီးပါးကို သူမအား ပေးအပ်ခဲ့သည်။ ထိုရက်တွေက သူမအတွက်တော့ နေခြည်သာ၍ ပျားရည်လွှမ်းသော နေ့ရက်များပင်တည်း။

ကံမကောင်းစွာနှင့်ပင် ဖန်ကျန်းပင်သည် သာမန်လောကီသားပင် ဖြစ်သည်မို့ အန်းချန်ဖူက သူမအား အရေးပေးလွန်းချိန်တွင် သူမက တစ်စတစ်စ မောက်မာလာပြီး ယုံကြည်မှုတို့ လွန်ကဲလာတော့သည်။ သူမနေရာကို မေ့ကာ အိမ်ကြီးရှင်သခင်မသဖွယ် မျက်နှာပြောင်တိုက်လာလေ၏။ သူမ၏ ရင့်မာနေပြီဖြစ်သော ကိုယ်ဝန်ကို ပိုက်၍ 'သေလောက်သည့်အပြစ်ကျူးလွန်ထားရင်တောင် လွတ်ငြိမ်းခွင့်ရနိုင်သည့် ရွှေတံဆိပ်ဆုကြီး' ကို ပိုင်ဆိုင်ထားရသည့်နှယ် ပြုမူနေပေသည်။ ဖန်ကျန်းပင်က သူမကိုယ်သူမ အရမ်းပင် ဂုဏ်ယူနေတာကြောင့် လျှိုမေးရှန့်ရှေ့တွင်တောင်မှ အမွှေးအတောင်တို့ကို ဖြန့်ကား၍ မကျေနပ်မှုတို့ကို ပြသနေတတ်၏။ အဲ့ဒီနောက်မှာတော့ အကျိုးဆက်တွေက ဝမ်းနည်းစရာပင်။

The Big Landlord(MM Translation)Where stories live. Discover now