အပိုင်း (၁၁) - ကတိ|ကတိ|

8.4K 1.8K 21
                                    

Unicode

ဆိုင်ခန်းများသို့ လာရောက်လုယက်သည့် ရွာသားများမှာ နှစ်ပတ်ကြာပြီးနောက် ပြန်ပေါ်လာပြန်၏။

သူတို့ထဲမှ တစ်ဖွဲ့မှာ တာဝန်ခံဖုန့်၏ ဆိုင်တစ်ခုထဲသို့ အလျင်စလို ပြေးဝင်လာကြသည်။ ထိုအချိန်၌ သူတို့က ပြဿနာရှာ၊ အဓိကရုဏ်းဖြစ်အောင်မလုပ်ဘဲ အထဲသို့ဝင်ကာ ရှာနိုင်သမျှ အစားအသောက်အားလုံးကို ယူပြီး ပြန်ထွက်သွားကြ၏။

သူတို့ ဆိုင်ခန်းအပြင်သို့ ရောက်သွားချိန်မှာတော့ တောင့်တင်းသန်မာသည့် လူအုပ်ကြီးက နေရာတိုင်း၌ ထွက်ပေါ်လာပြီး သူတို့ကို ကြမ်းကြုတ်စွာ ကြည့်နေကြလေသည်။

သူတို့ ထောင်ချောက်မိသွားချေပြီ။

ရွာသားတစ်စုမှာ ပတ်ပတ်လည်သို့ လွတ်လမ်းရှာကြည့်သော်ငြား ပြေးပေါက်တစ်ခုမှ မရှိပေ။ လမ်းတစ်ခုလုံးမှာ သန်မာသည့်လူမိုက်များဖြင့် ပြည့်နှက်နေလေသည်။ ရွာသားများမှာ ဒီတိုင်းရပ်နေရပြီး မလှုပ်ရှားနိုင်ဘဲ ဘာမှမလုပ်နိုင်ဖြစ်နေကြသည်။

အရင်အဖြစ်အပျက်အပြီး အန်းမိသားစုက မြို့တော်ဝန်ဆီကို တိုင်ကြားခြင်းမရှိကြောင်း ရွာသားများ သိရှိလိုက်ကြသည်။ ထို့ပြင် နောက်ထပ်ဖြစ်လာမည့်လုယက်မှုအတွက်လည်း ပြင်ဆင်ထားခြင်း မရှိပေ။ ထို့ကြောင့် ရွာသားများက ထပ်မံလုယက်ရန် ဆုံးဖြတ်လိုက်ပြီး ဤကဲ့သို့သော အခြေအနေမျိုးနှင့် ပြီးဆုံးသွားရလိမ့်မည်ဟု ထင်မထားမိကြပေ။

ရွာသားအားလုံးမှာ လက်နက်များလည်း မရှိသလို ဘာတိုက်ခိုက်မှုမှလည်း တတ်မြောက်မထားပေ။ သူတို့နှင့် အနှီသန်မာလှသော တိုက်ခိုက်ရေးသမားများ အတည်တိုက်ခိုက်ကြမည်ဆိုပါက သေချာပေါက် သူတို့သာ ရှုံးနိမ့်သွားပေလိမ့်မည်။ ရွာသားများမှာ ထိတ်လန့်နေကြပြီး ဘာလုပ်ရမည်မသိ ဖြစ်နေသော်ငြား စတိုးဆိုင်ဆီမှ သူတို့ခိုးထားသည့် အစားအစာများကိုတော့ လက်ထဲ၌ တင်းကြပ်စွာ ဆုပ်ကိုင်ထားဆဲပင်။

ထိုခဏတွင် လုံးဝလုယက်ခံထားရပြီးဖြစ်သော ဆိုင်ခန်းထဲမှ လူတစ်ယောက် ထွက်လာသည်။

The Big Landlord(MM Translation)Where stories live. Discover now