အပိုင်း (၄၀) - အရက်ခွက် လဲလှယ်ခြင်း|အရက်ခွက် လဲလှယ်ခြင်း|

8.7K 1.6K 173
                                    

Unicode

ညနက်နက်တွင် ဖယောင်းတိုင် အလင်းကြောင့် ဖြစ်တည်လာသည့် အရိပ်သဏ္ဍာန်က ပြတင်းပေါက်၏ ဆီစိမ်စက္ကူစထက်တွင် ထင်ဟပ်နေချေ၏။

ဖူဝူထျန်း က အတွင်းခန်းထဲသို့ တည်ငြိမ်သည့် ခြေလှမ်းတို့ဖြင့် လှမ်းလာလေသည်။ အကြည့်တစ်ချက်နှင့်ပင် သူက ကုတင်အိပ်ရာစွန်း၌ ထိုင်နေသည့် အန်းကျီယန် ကို မြင်လိုက်ရ၏။ လူငယ်လေး၏ လက်တို့မှာ အကျီလက်ထဲတွင် သိုဝှက်ခံထားရပြီး မီးရောင်တလှုပ်လှုပ်က သူ့ရဲ့ တည်ငြိမ်လှသည့် မျက်နှာထက်တွင် ထင်ဟပ်နေပေသည်။ သူ့နှလုံးသားမှာ ပြင်းထန်စွာ ခုန်လှုပ်သွားရသည့်မို့ ဆက်၍လျှောက်သွားလိုက်၏။

အန်းကျီယန် တစ်ယောက်ယောက် ရောက်လာပြီး ကြည့်သည်ကို သတိထားလိုက်မိသည်။ သူက အရပ်ရှည်ရှည် ခန့်ညားချောမောသည့် ဖူဝူထျန်း ရောက်လာသည်ကို တွေ့လိုက်ရသည်မို့ သူ့လက်များကို အနည်းငယ် ကျစ်နေအောင် ဆုပ်လိုက်မိချေ၏။ ဘာကြောင့်ဆိုသည်ကိုတော့ သူပင် ရှင်းမပြနိုင်ပါချေ။ သူတို့က သိသိသာသာပင် သရုပ်ဆောင်နေကြခြင်း ဖြစ်သော်လည်း အနည်းငယ် စိတ်လှုပ်ရှားနေမိဆဲပင်။ သူက ယင်းခံစားချက်ကို ဖူဝူထျန်း သူ့အား ထမ်းစင်ပေါ်မှ ပွေ့ချီလိုက်စဥ်ကတည်းကပင် ရလာခဲ့ခြင်း ဖြစ်သည်။

သတို့သမီး အသစ်ကလေးနှယ် ခံစားချက်အတွေ့အကြုံ အသစ်အဆန်းများ ရှိနေပါသည်ဟု အန်းကျီယန် ဝန်မခံနိုင်ပါချေ။ သို့သော် သူ့ရဲ့ မြန်ဆန်လာသည့် နှလုံးခုန်သံက အခြေအနေအမှန်ကို ဖော်ပြနေပါ၏။

"ဝမ်ဖေးလေး..."

ဖူဝူထျန်း က သူ့ရှေ့၌ ရပ်ပြီး ခေါ်လိုက်လေသည်။

အန်းကျီယန် သူ့ကို စိုက်ကြည့်ပစ်လိုက်သည်။ ပထမဆုံးအကြိမ်...လူအများ၏ ရှေ့မှောက်တွင် ဖူဝူထျန်း သူ့ကို ခေါ်ခဲ့စဥ်က သူ ပြန်မချေပနိုင်ဖြစ်ကာ မျက်နှာပူရ၏။ သို့သော် ဖူဝူထျန်း က သူ့ကို ဒုတိယအကြိမ်ပင် ထပ်ခေါ်ရဲနေသေးသည်။ ယခုအခါ သူတို့က ကိုယ်ပိုင်နေရာ၌ ရှိနေကြခြင်းပင်။ ဤနေရာတွင် သူတို့နှစ်ယောက်သာ ရှိသည်။ သူတို့ သရုပ်ဆောင်နေသည်ဆိုလျှင်တောင်မှ တစ်ချိန်လုံးကြီး ပြုမူနေရမည်ဟု မဆိုလိုပါပေ။

The Big Landlord(MM Translation)Where stories live. Discover now