Morning ပါ ချစ်သူ _ ဟဲလေး၊ ဝေလျှံ
"ညီမလေး အင်္ကျီက အရောင်တောက်နေတယ်။ အဖြူရောင်နဲ့ ပြန်လဲဝတ်လိုက်""ဟော... ဒါကအရောင်တောက်ပေမယ့် အဟောင်း ကိုကိုရ။ ကိုကိုပဲ နည်းနည်းနွမ်းတာဝတ်ဆို"
"နွမ်းတယ်ဆိုတာထက် သိပ်ပြီးသစ်လွင်တောက်ပနေတာမျိုးမဟုတ်ရင် ပိုကောင်းတာပေါ့"
"ညီမလေးက ကိုကို့လို ဘာဝတ်ဝတ်ကြည့်ကောင်းနေတာမျိုး မဟုတ်တာကို"
ညီမလေး စူပုတ်ပုတ်လုပ်ပြီး အခန်းထဲပြန်ဝင်သွားမှ ကျွန်တော့်မီးခိုးရောင်ရှပ်ကို ဂျင်းဘောင်းဘီထဲထည့်ဝတ်လိုက်သည်။ မနေ့ညတည်းက အိမ်မပြန်တော့တဲ့ ဒေါ်ဒေါ်မေသက်နဲ့မာမီက နံနက် ၄နာရီတည်းကထပြီး ကားပေါ်မှာစားဖို့နံနက်စာပြင်ကြသည်။ အပြင်မှာ ဒေါ်ဒေါ်မေသက်နဲ့ မာမီတို့ပစ္စည်းတွေထည့်နေသံကြားရသည်။ မိဘမဲ့ကျောင်းကိုလိုက်မယ့်လူတွေအတွက် နံနက်စာ ဆန်းဒဝှစ်ချ်၊ ကြက်ဥပြုတ်နဲ့ ကော်ဖီကို အပူခံခွက်တွေထဲထည့်ပိတ်နေတုန်း ကျွန်တော် အခန်းပြင်ထွက်လာခဲ့သည်။ short trip အကြောင်းကြားတာနဲ့ ဖြိုးလေးနဲ့ရဲဘုန်းပါလာပြီး၊ ကိုထွဋ်တို့စီနီယာတစ်စုလည်း မိဘမဲ့ကလေးတွေအတွက် သွားကျန်းမာရေးစစ်ဆေးပေးဖို့ ဆေးအဖွဲ့အဖြစ်လိုက်မည်။ ညီမလေးသူငယ်ချင်းတွေမပါတော့ဘဲ အညာသားကို ကျွန်တော်ခေါ်ထားတော့ အဆောင်းနဲ့မြတ်သူပါပါလာသည်။ လူစုချိန်က နံနက် ၅နာရီ။
"ငါတို့ရောက်ပြီ နေသော်"
အိမ်တံခါးကို ဦးဆုံးလာခေါက်တာက ဖြိုးလေးနဲ့ရဲဘုန်း။
"မာမီ ပစ္စည်းတွေကားပေါ်တင်လိုက်တော့မယ်"
ဂေဟာက ကလေးတွေအတွက် လှူမယ့်အဝတ်အစားထုပ်တွေကို ဝန်ထမ်းတွေလိုက်မယ့် mini bus ပေါင်မုန့်ကားပေါ်တင်နေတုန်း ကိုထွဋ်တို့ကျောင်းသားခေါင်းဆောင်မောင်းလာတဲ့ Alphard က အိပ်ရာဝင်းထဲထိုးစိုက်လာသည်။ ဒီနေ့မှာတော့ အားလုံးလိုလိုကို ဂျင်းဘောင်းဘီ၊ ရှပ်အကွက်တို့နဲ့ ပေါ့ပေါ့ပါးပါးတွေ့ရ၏။ လှေကားပေါ်ကဆင်းလာတဲ့ ကိုထွဋ်ကိုယ်ပေါ်က မီးခိုးရောင်ရှပ်ကိုမြင်တော့ ရဲဘုန်းက ကျွန်တော့်ခါးကိုကုတ်သည်။ မိဘမဲ့ကျောင်းကိုလှူမယ့်အခြေခံဆေးဝါးတွေကို စစ်နေတဲ့ စီနီယာခေါင်းဆောင်က ကိုထွဋ်ကိုလက်ညှိုးလှမ်းထိုး၏။