"ကိုကို ညီမလေးတို့ ဒီမှာ"
မိုးပြာရောင် ဂါဝန်ရှည်ဝမ်းဆက်နဲ့ ကျောပိုးအိတ်ကြိုးနှစ်ဖက်ကို တင်းတင်းကိုင်ထားတဲ့ ညီမလေးလက်နှစ်ဖက်က ကျွန်တော့်ကိုမြင်တော့ လေထဲဝှေ့ယမ်းသွားသည်။ ကျွန်တော်ကိုယ်တိုင် ကျစ်ပေးခဲ့တဲ့ ကျစ်ဆံမြီးနှစ်ဖက်ခွဲလေးနဲ့မျက်နှာနုနုက အပြုံးလေးတွေနဲ့နုငယ်နေ၏။ ညီမလေးနဲ့ယှဥ်တွဲရပ်နေသူကတော့ Levis ဂျင်းဘောင်းဘီ အပြာဖျော့ဖျော့၊ T shirt အဖြူပေါ် အနီရဲရဲရှပ်အကွက်ထပ်ထားတဲ့ပုံစံကြောင့် တည်တည်ငြိမ်ငြိမ်ဖြစ်နေသည်။ ကျွန်တော့်ကိုမြင်တော့ လျှောက်လှမ်းလာကြတဲ့ ခြေအစုံတို့က နိုဝင်ဘာရဲ့ဆောင်းဦးလေပြေတို့နဲ့အတူ ကြွရွလို့။ ငယ်ရွယ်ခြင်းများက ဒီလူငယ်လေးတွေကြားအကောင်းဆုံးအဖော်မွန်အဖြစ် တည်ရှိနေပုံရသည်။
"ညီမလေးတို့စောင့်နေတာ ကြာသွားလား။ နောက်ဆုံးလူနာက ကလေးလေးမို့ ငိုနေတာနဲ့အတော်ချော့လိုက်ရတာ"
"ကြာပေမယ့် စာအုပ်ဆိုင်ထဲဝင်မွှေနေတာ ကိုကိုရ"
"ညီမလေးတို့ ဘာစားကြမလဲ"
"ဆူရှီစားချင်သလိုလိုပဲ"
ဇာမဏိကိုလှမ်းကြည့်လိုက်တော့ အမူအရာအပြောင်းအလဲမရှိ။ ဒါပေမယ့် သေချာတာတော့ သူ စားချင်မှာမဟုတ်။ အသားစိမ်း၊ ငါးအစိမ်းတွေနဲ့အကောင်လိုက်အလုံးအထည်တွေသူမကြိုက်တတ်။
"ဒါပေမယ့် ကြက်ကြော်ပူပူလေးပဲစားတော့မယ်"
ကျွန်တော်ပြုံးလိုက်သလို ကြက်ကြော်သိပ်ကြိုက်တတ်သည့် ကျားပေါက်ရဲ့မျက်နှာကလည်း အခုမှပြေပြစ်သွား၏။ စနေနေ့ရဲ့ လသာမြို့နယ်လမ်းမတို့က ခြေရာထပ်နေကြသည်။ ဆောင်းဦးရာသီဖြစ်ပေမယ့် လက်ကျန်မိုးအကြွင်းအကျန်ပြိုကျထားတဲ့ နေ့လယ်ခင်းက မိုးနဲ့ဆောင်းရောတဲ့လေပြည်တို့ကြောင့် အေးစက်ချင်နေ၏။ အုံ့မှိုင်းနေတဲ့ကောင်းကင်အောက် ကွယ်ပျောက်နေတဲ့နေမင်းက ဝံ့ဝံ့ကြွားကြွားမရှိနိုင်။ ဆေးခန်းထိုင်ရာတိုက်နဲ့ ဘလောက်သုံးခုအကွာက KFC ကိုသွားဖို့ အငယ်နှစ်ယောက်ရဲ့စာအုပ်တွေနဲ့ ကျွန်တော့် လက်ဆွဲအိတ်လေးကို ကားပေါ်တင်ထားခဲ့လိုက်ကြသည်။ ညီမလေးက ကျွန်တော့်ဘယ်ဘက်လက်မောင်းကို တွယ်ချိတ်ထားပြီး ဇာမဏိက ကျွန်တော့်ညာဘက်အခြမ်းမှာဖြစ်သည်။ ထမင်းစားချိန်ကျော်နေပေမယ့် ကြက်ကြော်ဆိုင်ကလူပြည့်နေဆဲ။