"အင်္ကျီကတော်သားပဲ။ အစ်ကိုနဲ့ ပွမှာစိုးနေတာ"
အဖြူရောင်လည်ကတုံးနဲ့ ကြက်သွေးရောင်ကွက်စိပ်ပုဆိုးက မနေ့ညနေကမှ ဇာမဏိပြေးဝယ်ပေးထားတာဖြစ်သည်။ ဘောင်းဘီတွေချည်းထည့်လာမိတဲ့အကျိုးဆက်က ပွဲတက်ရမယ်ဆိုမှ ကတိုက်ကရိုက်စီစဥ်ထားရသည်။ ဆံပင်တွေကိုတော့ လက်ချောင်းတွေနဲ့ပဲဖိသပ်ပြီး သပ်ရပ်အောင်ပြင်ဆင်ထားလိုက်၏။ ဒီနေ့လည်း မနက်စာလက်ဖက်ရည်နဲ့ ပလာတာတစ်ချပ်ကို စောင့်ဆိုင်းကျွေးသူကြောင့်ပဲ မဝင်ဝင်အောင် မြိုချထားရခြင်းဖြင့် နံနက်ခင်းပြင်ဆင်မှု ပြီးဆုံးသွား၏။
"အခုချိန် ပိုက်ဆံထုတ်ဖို့ ဘဏ်နီးလား"
ကျွန်တော့်စကားကြောင့် ဇာမဏိက ကုတင်ဘေးဝင်ထိုင်သည်။
"အစ်ကို ဘာသုံးချင်လို့လဲ။ ကျွန်တော့်ဆီကယူပါ အစ်ကိုရဲ့"
"ရုံးတက်လက်မှတ်ထိုးဖို့နဲ့ ဧည့်ခံပွဲအကျဥ်းရုံးပြင်ဆင်ဖို့အတွက် ဟိုဘက်အဖွားက သိန်းသုံးဆယ်ပေးတယ်မလား"
"ဟုတ်တယ်လေ အစ်ကို။ အညာမှာဧည့်ခံပွဲဆိုတာက လက်ဖက်ရည်နဲ့ကိတ်မုန့်ပဲကျွေးတာဆိုတော့ ပိုက်ဆံအဲ့လောက်မကုန်ဘူး"
"ကိုယ် သိန်းငါးဆယ်ပေးမယ်။ အဲ့ပိုက်ဆံနဲ့ပဲကုန်ကျစရိတ်သုံးပြီး ပိုတာ ဟိုဘက်ကိုပေးလိုက်။ ဧည့်ခံပွဲမှာလည်း လက်ဖွဲ့ငွေ၊ လက်ဖွဲ့ပစ္စည်းဘာတစ်ခုမှ လက်မခံခိုင်းနဲ့"
ဇာမဏိ မျက်ဝန်းတွေက ပိုပိုမှေးကျဥ်းသွားတာ သိသာ၏။ နဖူးကချွေးတွေကို လက်ခုံနဲ့သုတ်ရင်း ပင့်သက်တစ်ချက်ဖြည်းဖြည်းရှိုက်ရသည်။
"သိန်းသုံးဆယ်နဲ့ ညီမလေးကို တန်ဖိုးဖြတ်တာမျိုး လက်မခံနိုင်ဘူး။ ကိုယ် အဲ့ထက်ပိုပေးနိုင်တယ်။ ဒါ ဟန်လုပ်ပြီးအချေတွေကြီးပြတာလည်းမဟုတ်ဘူး။ ဒီပွဲက ကိုယ့်လက် ကိုယ့်ခြေမဖြစ်နိုင်ပေမယ့် ကိုယ့်အထောက်အပံ့နဲ့ပဲ ညီမလေးမျက်နှာမငယ်ရအောင်လုပ်ပေးချင်တာ"
ကျွန်တော် ဇာမဏိမျက်နှာကို မကြည့်ရဲတော့။ ပထမနှစ်တည်းက မာမီ့ကုမ္ပဏီမှာဝင်ကူရင်းရထားတဲ့မုန့်ဖိုးတွေ၊ လုပ်အားခတွေနဲ့ ဒီကြားထဲလည်းမာမီထည့်ပေးထားတာတွေပေါင်းရင် အကောင့်ထဲတစ်ရာနီးပါးလောက်ရှိမည်။ ပွဲကအကျဥ်းရုံးဖြစ်တဲ့အပြင် ကာလဒေသအနေအထားနဲ့ကုန်ကျစရိတ်သိပ်မများ။ ပိုလျှံတာတွေကို သူတို့ဘက်ကိုပါ ပြန်အမ်းမည်။ ညီမလေးကိုတော့ တန်ဖိုးမဖြတ်နဲ့။ ကျွန်တော်ကပဲ သူတို့ဘက်ကိုကိန်းဂဏန်းသတ်မှတ်ပစ်မည်။ ဒါက အရှုံးသမားတစ်ယောက်ရဲ့နောက်ဆုံးမာနလက်ကျန်လို့သမုတ်ရင်လည်း ကျွန်တော်လက်ခံသည်။ အကောင့်ထဲကျန်တဲ့ငွေတွေကိုတော့ ရန်ကုန်မှာနေထိုင်စရိတ်အတွက် ခြေစောင့်လက်စောင့်ထားရမယ်ဆိုတဲ့အကြောင်းထိတော့ ဇာမဏိကိုမပြောပြဖြစ်။